ပုလောမြို့နယ်မှာ ပြည်သူတွေဆီက ဆက်ကြေးတောင်းယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိုင်းဆွဲတိုက်ခိုက်
ပုလောမြို့နယ်မှာ ပြည်သူတွေဆီက ဆက်ကြေးတောင်းယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိုင်းဆွဲတိုက်ခိုက်
ပြည်သူတွေဆီကနေ ငွေကြေး မတရားတောင်းယူနေတဲ့ ပုလောမြို့နယ်၊ တိုကျေးရွာက စစ်ကောင်စီ တပ်ဖွဲ့တွေရဲ့ စစ်ဆေးတဲ့နေရာတစ်ခုကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တောကြီးမြွေဟောက်အဖွဲ့ (king cobra) က ထုတ်ပြန်ထားပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀၊ ညနေ ၆ နာရီခန့်က တောကြီးမြွေဟောက်အဖွဲ့ (king cobra)နဲ့ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ppdf) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ပြည်သူတွေအနေနဲ့ အတင်းအဓမ္မ ဆက်ကြေးတောင်းခံနေရတဲ့အကြောင်း အသိပေးလာတာရှိတဲ့အတွက် တိုက်ခိုက်ခဲ့တာလို့ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ppdf)ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
” အဲနေရာမှာစစ်တာတော့ မကြာသေးဘူး။ ဒီလထဲမှာပဲ။ နေ့တိုင်းပုံမှန်စစ်တာတော့မဟုတ်ဘူး။ တစ်ခါစစ်ရင် အနည်းဆုံး ၁၀ ယောက်လောက်တော့ စုစစ်တယ် ” လို့ ပြန်ကြားရေးတာဝန်ခံက ရှင်းပြပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀ ခန့်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က ၁ ဦးသေဆုံးခဲ့ပြီး ၁ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ppdf)ရဲ့ ပြန်ကြားရေးတာဝန်ခံက အတည်ပြု ပြောဆိုပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ နေရာက ပလမြို့နယ်ရဲစခန်းက ရဲတွေနဲ့ တိုကျေးရွာက ပျူစောထီးတွေ ပေါင်းပြီး ဖြတ်သန်းသွားလာတဲ့ ပြည်သူတွေကိုစစ်ဆေးတတ်တဲ့ နေရာဖြစ်ပြီး ၂ ရက်ခြား ၃ ရက်ခြား တစ်ခါစစ်လေ့ရှိတယ်လို့ သိရပါတယ်။
ပုလောမြို့နယ်ခွဲ ပလမြို့နယ် ထဲမှာရှိတဲ့ တိုကျေးရွာဟာ မြိတ်- ထားဝယ်ကားလမ်းမပေါ်မှာ တည်ရှိပါတယ်။
တောကြီးမြွေဟောက်တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်က ပလမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးကို ဗုံးခွဲတိုက်ခဲ့ပါသေးတယ်။
The Tanintharyi Times
