ဆယ်လီချာရတီ – ကပ်ဘေးဒုက္ခက ပုံရိပ်မြှင့်တင်ဖို့အတွက် စင်မြင့်တစ်ခု ဖြစ်လာနေပြီလား

ဆယ်လီချာရတီ – ကပ်ဘေးဒုက္ခက ပုံရိပ်မြှင့်တင်ဖို့အတွက် စင်မြင့်တစ်ခု ဖြစ်လာနေပြီလား

ဆိုရှယ်မီဒီယာအားကောင်းတဲ့ခေတ်မှာ လူသိများထင်ရှားသူတွေ အနုပညာရှင်တွေဟာ အများသူငါရဲ့ အမြင်တွေကို လွှမ်းမိုးဖို့၊ အများသူငါရဲ့ သတိပြုမှုကို ရရှိဖို့နဲ့ အရေးကြီးတဲ့ အကြောင်းကိစ္စတွေကို ဆော်ဩကြဖို့ အသိပညာပေးဖို့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေကို နည်းလမ်းပေါင်းစုံနဲ့ အသုံးပြုကြပါတယ်။

ဆိုရှယ်မီဒီယာရဲ့ စွမ်းပကားကလည်း အလွန်ပင်အစွမ်းထက်ပါတယ်။ Facebook, Youtube နဲ့ Instagram လိုမျိုး ပလက်ဖောင်းတွေက ထင်ရှားကျော်ကြားသူတွေနဲ့ အနုပညာရှင်တွေကို သူတို့ရဲ့ ပရိသတ်တွေ ချစ်ခင်သူတွေနဲ့ တိုက်ရိုက်ချိတ်ဆက်နိုင်တယ်။ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေး အပါအဝင် ပရဟိတလုပ်ငန်းတွေမှာ ပရိသတ်တွေနဲ့အတူတကွ ပူးပေါင်းပါဝင်နိုင်ကြသလို ပရိသတ်တွေကလည်း သူတို့နဲ့အတူပူးပေါင်းပါဝင် အားဖြည့်နိုင်ကြတယ်။

ဆိုရှယ်မီဒီယာတွေက ဒီလိုပရဟိတလှုပ်ရှားမှုတွေကို အရေးတယူဖော်ပြကြသလို ကျော်ကြားသူတို့ကလည်း သူတို့ရဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေကနေ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ ဖော်ပြလေ့ရှိပါတယ်။ တနည်းအားဖြင့်တော့ ထင်ရှားကျော်ကြားသူ အချို့ဟာသူတို့ရဲ့ ဩဇာပါဝါကို ဆိုရှယ်မီဒီယာကနေတဆင့် တည်ဆောက်ကြပါတယ်။ ဒီလို ဩဇာအာဏာတည်ဆောက်ခြင်းနဲ့အတူ သိန်းသန်းချီတဲ့ လူပရိသတ်ဆီကို ရောက်ရှိသွားတဲ့ ဓါတ်ပုံတွေ ပြောဆိုချက်တွေရဲ့ ဆိုးကျိုးသက်ရောက်မှုတွေကို ဘယ်လိုတာဝန်ယူကြမလဲ ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။

ရေကြီးတာ၊ ငလျင်နဲ့ မုန်တိုင်းတွေလို သဘာဝဘေးအန္တရာယ်တွေနဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေအတွင်း ၎င်းတို့ရဲ့ ပုံရိပ်ကို မြှင့်တင်ဖို့ အချို့သော အနုပညာရှင်နဲ့ ကျော်ကြားသူတွေဟာ ဆိုရှယ်မီဒီယာကို သုံးကြပါတယ်။ ဒီလိုအသုံးပြုမှုနဲ့ ပတ်သက်ပြီး လတ်တလောမှာတော့ ကျင့်ဝတ်ပိုင်းဆိုင်ရာ စိုးရိမ်မှုတွေ ဝိရောဓိတွေ ကြီးထွားလာပါတယ်။

သဘာဝဘေးအန္တရာယ်တွေအပြီး ထိခိုက်ခံစားရတဲ့ ဒေသတွေကို သွားရောက်လည်ပတ်တာ၊ လှူဒါန်းတာနဲ့ ဘေးဒုက္ခခံစားရသူတွေနဲ့ ထိတွေ့ဆက်ဆံတာတွေကို ထင်ရှားကျော်ကြားသူတွေရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှ တဆင့်ဖြစ်စေ မီဒီယာတွေမှတဆင့်ဖြစ်စေ မကြာခဏဆိုသလို မြင်တွေ့နေရပါတယ်။ စိတ်စေတနာ အရင်းခံနဲ့ ဒုက္ခရောက်နေသူတွေကို ကူညီပေးတာတွေရှိသလို ရုတ်တရက်ကြည့်ရင်တော့ စေတနာရှိပုံပေါ်နိုင်သော်လည်း ဒီလုပ်ဆောင်ချက်တွေဟာ စစ်မှန်တဲ့ လူသားချင်းစာနာမှုဆိုင်ရာ အားထုတ်မှုထက် မိမိကိုယ်ကိုမြှင့်တင်ရေးအတွက် ပိုမိုအသုံးချလာရင်တော့ ကျင့်ဝတ်ဆိုင်ရာစိုးရိမ်စရာပါ။

ကျော်ကြားသူဆယ်လီတွေဟာ သဘာဝဘေးဒဏ်ခံရသူတွေနဲ့ အတူ ဓာတ်ပုံတွေတင်လေ့ရှိသလို အင်တာဗျူးတွေပြုလုပ်ကာ ၎င်းတို့၏ ဆိုးရွားလှသောအတွေ့အကြုံများကို ပြန်လည်ပြောပြဖို့ တောင်းဆိုတာတွေလည်း တွေ့နေရပါတယ်။ နောက်တော့ ဒီဓါတ်ပုံတွေ အင်တာဗျူး အကြောင်းအရာတွေဟာ အမှန်တကယ်ထိခိုက်ခံစားရသူတွေ အိုးအိမ်စည်းစိမ်နဲ့ အသက်ဆုံးရှုံးရသူတွေရဲ့ အမှန်တကယ်လိုအပ်ချက်နဲ့ ဂုဏ်သိက္ခာကို အရေးတယူထည့်သွင်းစဥ်းစားတာမျိုး မရှိဘဲ ကျော်ကြားသူတွေရဲ့ ကရုဏာ၊ စာနာမှုနှင့် ရက်ရောမှုကို ပြသဖို့ တချို့ကအသုံးပြုကြပါတော့တယ် ။

ဒီနေရာမှာ မေးစရာမေးခွန်းတွေ အများအပြားပေါ်လာပါတယ်။ ဥပမာအားဖြင့် အိုးမဲ့အိမ်မဲ့ဖြစ်၊ ချစ်ရသူအပါအဝင် အသက်မွေးဝမ်းကျောင်းမှု ဆုံးရှုံးခဲ့ရတဲ့ ရေဘေးဒုက္ခသည်တွေကို ကင်မရာရှေ့ခေါ်ယူ ဓါတ်ပုံရိုက်တာ ဗီဒီယိုရိုက်တာ အင်တာဗျူးတာ ဒါမှမဟုတ် Live လွှင့်တာတွေလုပ်ဆောင်တဲ့ နေရာမှာ ကာယကံရှင်တွေရဲ့ ခွင့်ပြုချက် ရယူခဲ့ပါသလား။ ဒီဓါတ်ပုံ ဗီဒီယိုနဲ့ အင်တာဗျူးတွေကို ဘယ်လို အသုံးပြုမယ်ဆိုတာမျိုးရော သေသေချာချာ ရှင်းပြပြီး သဘောတူညီမှု ရယူခဲ့ပါသလား။ ထိခိုက်ခံစားရသူတွေရဲ့ ဆင်းရဲဒုက္ခဝေဒနာတွေ နာကျင်မှုတွေကို မိမိရဲ့ ပုံရိပ်မြှင့်တင်ဖို့နည်းလမ်း တစ်ခုအဖြစ် အသုံးပြုမိနေပြီလား။ မိမိရဲ့ ကိုယ်ရေးကိုယ်တာ ပုံရိပ်မြှင့်တင်ချင်လို့ပဲဖြစ်ဖြစ် အများသူငါ အကျိုးအမြတ်အတွက်ပဲဖြစ်ဖြစ် ၎င်းတို့၏ဆင်းရဲဒုက္ခကို ထုတ်ဖော်ပြသ အသုံးပြုခြင်းဟာ လူသားဆန်တဲ့ အပြုအမူရော ဟုတ်ပါရဲ့လား။

နောက်ထပ်တွေးဆစရာက စစ်မှန်တဲ့ ပရဟိတလုပ်ငန်းနဲ့ ပုံရိပ်မြှင့်တင်ခြင်းအကြားက မျဥ်းပါ။ ခပ်ပါးပါးလေးပဲ ရှိမယ်ထင်ပါရဲ့။

ရေဘေးသင့်သူတွေကို အစားအသောက်တွေ ဝေငှပေးနေတဲ့ ကျော်ကြားသူတစ်ဦးကို ပြတဲ့ ပို့စ်တစ်ခုမှာ လိုက်ခ်ထောင်သောင်းချီရနိုင်ပါတယ်။ ဒါပေမယ့် မေးစရာရှိတာက အဓိကဦးတည်ချက်က ဘာလဲဆိုတာပါ။ လိုအပ်နေသူတွေကို ကူညီဖို့လား ဒါမှမဟုတ် မိမိရဲ့ ပုံရိပ်ကို မြှင့်ချင်တာလား။ လှူဒါန်းတာ အကူအညီအထောက်အပံ့ပေးတာက ပြဿနာမဟုတ်ပေမယ့် ဒီလို လှူဒါန်းတဲ့ လုပ်ရပ်တွေကို အများပြည်သူသို့ တင်ပြပုံ တင်ပြနည်းမှာ မေးခွန်းထုတ်စရာတွေ ဝိရောဓိတွေ ရှိတယ်လို့မြင်မိပါတယ်။

ကျော်ကြားသူအချို့ဟာ သူတို့ရဲ့ကယ်ဆယ်ရေး ကူညီရေးလုပ်ငန်းတွေကို အများပြည်သူ အာရုံစိုက်အောင်လုပ်ခြင်းဖြင့် ထိခိုက်ခံစားရသူတွေ အရေးတကြီးလိုအပ်နေတဲ့ လိုအပ်ချက်တွေ အကြောင်းအရာတွေကို လူတွေကြား မှေးမှိန်သွားနိုင်ပြီး ၎င်းတို့ရဲ့ သူရဲကောင်းဆန်ဆန် လုပ်ရပ်တွေကိုသာ လူတွေကပိုမို အာရုံစိုက်လာနိုင်ပါတယ်။
ထိခိုက်ခံစားရသူတွေရဲ့ ဆင်းရဲဒုက္ခများကို ဗဟိုပြု ဓါတ်ပုံတွေရိုက်ကာ ပို့စ်တွေတင်နေမယ့်အစား၊ ကျော်ကြားသူတွေဟာ လက်တွေ့ပြဿနာတွေကို မီးမောင်းထိုးပြကာ အမှန်တကယ်ကူညီနိုင်ပုံကို အာရုံစိုက်ရင် ပိုကောင်းမလားလို့ မြင်မိပါတယ်။

ဘယ်သူက အကူအညီပေးနေတယ်ဆိုတာအစား ဘာတွေအမှန်တကယ် လိုအပ်နေတာလဲ ဆိုတာကို ဆိုရှယ်မီဒီယာပေါ်မှာ မီးမောင်းထိုးပြစေလိုပါတယ်။ ဒီလိုနည်းနဲ့ အခြားသူတွေက ဘယ်လိုပံ့ပိုးကူညီနိုင်တယ်။ တပြိုင်နက်တည်း အမှန်တကယ်လိုအပ်ချက်တွေနဲ့ ကယ်ဆယ်ရေးတွေကို ထိထိရောက်ရောက် ဝိုင်းဝန်းဆောင်ရွက်နိုင်ဖို့ အလေးထားနိုင်ပါတယ်။ နောက် မိမိတို့ရဲ့ ဆိုရှယ်မီဒီယာပေါ်က ဩဇာကို အသုံးပြုပြီး သဘာဝဘေးအန္တရာယ်တွေရဲ့ အကြောင်းရင်းတွေကို အများပြည်သူပိုမို သတိပြုမိစေဖို့နဲ့ အားပေးကူညီနိုင်ပါတယ် ။ တစ်ဦးချင်းစီရဲ့ လုပ်ဆောင်မှုထက် ပိုမိုကြီးမားသော အကြောင်းအရာတွေကို အာရုံစိုက်နိုင်ရင် ပိုကောင်းပါမယ်။

နောက်ထပ် သတိမူစရာက ထိခိုက်သေဆုံးသူတွေရဲ့ ဇာတ်လမ်းတွေ ပုံတွေကို မျှဝေမယ်ဆိုရင် တင်ကြိုအကြောင်းကြား သဘောတူညီမှုရယူဖို့ အရေးကြီးပါတယ်။ ဆိုလိုတာက ဒီပုံတွေ အဖြစ်အပျက်အကြောင်းအရာတွေကို ဘယ်နည်းဘယ်ပုံ အသုံးပြုမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ရှင်းပြဖို့နဲ့ ထိခိုက်ခံစားရသူက အသုံးမပြုဖို့ ဆန္ဒရှိတယ်ဆိုရင်လည်း ၎င်းတို့ရဲ့ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာရပါမယ်။ ဘေးအန္တရာယ်ကြောင့် ထိခိုက်ခံစားရသူတွေရဲ့ ဂုဏ်သိက္ခာနဲ့ ဆုံးဖြတ်ခွင့်ဟာ ပထမဦးစားပေး ဖြစ်ရပါမယ်။

နောက်ဆုံးအနေနဲ့ ပြောလိုတာကတော့ ကျော်ကြားသူတွေက ၎င်းတို့ရဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေကတဆင့် ကောင်းကျိုးလိုလားပြီး ကောင်းမှုပြုတာ ဖော်ပြကြတာတွေကို အပြစ်ဆိုဖို့ မရှိပါ။ ဒါပေမယ့် ဒီလို ကောင်းမှုပြုရာတွင် သို့မဟုတ် ပရဟိတလုပ်ငန်းများကို လုပ်ကိုင်ရာတွင် ၎င်းတို့ရဲ့ လုပ်ဆောင်ချက်တွေကို ဆိုရှယ်မီဒီယာမှာ ဖော်ပြတဲ့ နေရာမှာတော့ ကျင့်ဝတ်ဆိုင်ရာ ဝိရောဓိတွေရှိနေတာကတော့ အမှန်ပဲဖြစ်ပါတယ်။

ထိခိုက်ခံစားရသူတွေရဲ့ ဒုက္ခဆင်းရဲတွေကို ကိုယ်ရေးကိုယ်တာမြှင့်တင်ရေးအတွက် သုံးနေတာဆိုရင်တော့ ကောင်းကျိုး ကိုယ်၌ တည်မှာ မဟုတ်တဲ့ အပြင် လူသားချင်းစာနာမှု စိတ်ဓါတ်ကိုပါ ထိခိုက်စေပါတယ်။ ထင်ရှားကျော်ကြားသူများနဲ့ အနုပညာရှင်တွေအနေနဲ့ ကျင့်ဝတ်နဲ့အညီ ထောက်ပံ့ကူညီလှူဒါန်းကြဖို့နဲ့ လူတိုင်းရဲ့ ဂုဏ်သိက္ခာကို အလေးထားပြီး မိမိပုံရိပ်မြှင့်တင်ရေးထက် စေတနာ သဒ္ဒါတရား တက်သန်စွာနဲ့ “ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍ ကောင်းကျိုးကိုယ်၌ တည်စေမင်း” ဆိုတဲ့ လောကသာရဆုံးမစာအတိုင်း ပြုမူပြီး ပေါ်ပင်ဟန်ပြ ပရဟိတအစား စံပြပရဟိတလုပ်ငန်းများကို လုပ်ဆောင်နိုင်စေဖို့ ဆန္ဒပြုလိုက်ရပါတယ်။

ဝီးဂျား

The Tanintharyi Times