လောင်းလုံးမှာ ညဘက် သေနတ်နဲ့ ရမ်းသန်းပစ်ခတ်တာတွေ စစ်ကောင်စီတပ်ဖွဲ့ ပိုမိုပြုလုပ်လာ
လောင်းလုံးမှာ ညဘက် သေနတ်နဲ့ ရမ်းသန်းပစ်ခတ်တာတွေ စစ်ကောင်စီတပ်ဖွဲ့ ပိုမိုပြုလုပ်လာ
လောင်းလုံးမြို့နယ်မှာ ညဘက်ကင်းလှည့်ထွက်တဲ့ စစ်ကောင်စီတပ်သားတွေနဲ့ပျူစောထီးတွေက သေနတ်ပစ်ခတ်တာတွေ အခုနောက်ပိုင်းမှာ ပိုမိုပြုလုပ်လာတယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။
“နှစ်ရက်ရှိပြီသေနတ်သံတွေကြားနေရတာ။ ဟိုနေရာကပစ်လိုက်၊ ဒီနေရာက ပစ်လိုက်နဲ့။ ညကဆိုရင် အချက်ရေ မနည်းဘူး။ အတွဲလိုက်တွေရော ပစ်နေတာ” လို့ လောင်းလုံးမြို့ခံတစ်ဦးက ပြောပါတယ်။
မနေ့က ည ၉နာရီမတိုင်ခင်ကတည်းက မြို့အဝင်ဆိုင်းပုဒ်နားမှာ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေက ရမ်းသန်းပြီး အလွတ်ပစ်ခတ် နေခဲ့ကြပါတယ်။
ဒီလိုပစ်ခတ်နေချိန်မှာ လမ်းမှာဖြတ်သွားတဲ့ ကုန်ပစ္စည်းတင် vigoကားတစ်စီးကို သေနတ်နဲ့ လိုက်လံပစ်ခတ်ခဲ့ပြီး လောင်းလုံးရဲစခန်းကိုဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။ ယင်းကားရဲ့ နောက်ဆက်တွဲအခြေအနေကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။
အဲဒီနောက်မှာ စစ်ကောင်စီတပ်သားနဲ့ပျူတွေကစစ်ပြဲကျေးရွာကိုသွားတဲ့ တောင်ဇင်းလမ်းဘက်ကို ကားနဲ့သွားရောက်ပြီး ရမ်းသမ်းပစ်ခတ်တာတွေကို ထပ်မံ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လောင်းလုံးမှာ နေ့စဥ်နေ့တိုင်း ည ၈နာရီကျော်တာနဲ့ ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေ မြို့ပေါ်မှာ ကင်းလှည်လေ့ရှိပြီး အခုနောက်ပိုင်းမှာ သေနတ်ပစ်ခတ်မှုတွေပါ ပိုများလာခဲ့တာလို့ ဒေသခံတွေက ပြောကြပါတယ်။
” ညရောက်တာနဲ့အိမ်အပြင်ထွက်ရမှာကြောက်နေရပြီ။ သေနတ်သံတွေကြားရင်လည်း အိမ်မပျော်တော့ဘူး။ စိတ်ရောဂါရသလိုဖြစ်နေပြီ။ ဘယ်လိုဝဋ်ကျွေးတွေမှန်းတောင်မသိတော့ပါဘူး” လို့ မြို့ခံက ဆက်ပြောပြပါတယ်။
အဲ့ဒီလို သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်နေတာတွေဟာ ပျူစောထီးအဖွဲ့ဝင်တွေကို သေနတ်ပစ် လက်တွေ့ လေ့ကျင့်ခိုင်းနေတာဖြစ်တယ်လို့လည်း ဒေသခံတချို့က ပြောကြပါတယ်။
ဒီလိုရမ်းသမ်းပစ်ခတ်မှုတွေက လောင်းလုံးမြို့နယ် တစ်ခုတည်းမှာ ဖြစ်နေတာတော့မဟုတ်ပါဘူး။
သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွစစ်ဆေးရေးဂိတ်က လက်နက်ကြီးနှစ်ချက်နဲ့ သေနတ်ပစ်ခတ်တာတွေ မနေ့ညက ပြုလုပ်ခဲ့သလို ရွှေဂူတံတားစစ်ဆေးရေးဂိတ်မှာလည်း သေနတ်ပစ်ခတ်တာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။
တောင်ပျောက်တိုက်နယ်အတွင်းက သဲချောင်းကြီးရဲစခန်းကလည်း နေ့တိုင်းလိုလို လက်နက်ကြီး နှစ်ချက်စီပစ်ခတ်တာမျိုးလည်း ရှိတယ်လို့ သိရပါတယ်။
The Tanintharyi Times
