တောင်ပျောက်တိုက်နယ်ထဲက ကိုယ်ဝန်ဆောင်မိခင်တွေ ဆေးဝါးအကူအညီတွေလိုအပ်နေ
တောင်ပျောက်တိုက်နယ်ထဲက ကိုယ်ဝန်ဆောင်မိခင်တွေ ဆေးဝါးအကူအညီတွေလိုအပ်နေ
 
			သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်ထဲက ကိုယ်ဝန်ဆောင်မိခင်တွေအတွက်ဆေးဝါးအကူအညီတွေလိုအပ်နေတယ်လို့ တိုက်နယ်စစ်ရှောင်ဆေးဝါးတာဝန်ခံက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
ကိုယ်ဝန်ဆောင်မိခင်စဖြစ်ကတည်းကနေ မွေးဖွားချိန်ထိလိုအပ်တဲ့ အားဆေးနဲ့ လိုအပ်တဲ့ ကာကွယ်ဆေးတွေ လုံးဝမရရှိဖြစ်ဖြစ်နေပြီး လိုအပ်ချက်အများအပြားရှိနေသလို ကိုယ်ဝန်ဆောင်မိခင်ဦးရေလည်း အများအပြားရှိနေတယ်လို့ ဆိုပါတယ်။
တိုက်နယ်စစ်ရှောင်ဆေးဝါးတာဝန်ခံက ”ကိုယ်ဝန်သည်မွေးဖွားတာ လိုအပ်ချက်တော်တော်ရှိတယ်။ ကလေးနဲ့ပတ်သက်တဲ့ ပစ္စည်းတွေလည်းလိုအပ်နေတယ်။ အဓိကက ကာကွယ်ဆေးတွေ” လို့ ပြောပါတယ်။
တိုက်နယ်အတွင်း အခုနှစ် မတ်လကနေ လက်ရှိအချိန်အထိ ကိုယ်ဝန်ဆောင် ကိုယ်ဝန်ဆောင်မိခင် ၁၄ ဦးကို မီးဖွားပေးခဲ့ပြီး နောက်ထပ်ကိုယ်ဝန်ဆောင် ၉ ဦးဝန်းကျင် ရှိနေသေးတယ်လို့ တိုက်နယ်စစ်ရှောင်ဆေးဝါးတာဝန်ခံက ပြောပါတယ်။
တောင်ပျောက်တိုက်နယ်က ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ အသက်ရွယ်အရ ကလေးယူလိုက်တာ၊ တချို့က သန္ဓေတားဆေးအသုံးပြုလို့ရတယ်ဆိုတာမသိဘဲ ကိုယ်ဝန်ရလာသူတွေရှိသလို တချို့ကတား ဆေးလာထိုးရမှာရှက်လို့ ကိုယ်ဝန်ရတဲ့သူတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။
တောင်ပျောက်တိုက်နယ်ဟာ စစ်ကောင်စီတပ်က ဖြတ်လေးဖြတ်ပုံစံနဲ့ တင်းတင်းကျပ်ကျပ်ဖိနှိပ်ထားတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။
စစ်အာဏာမသိမ်းခင်က တောင်ပျောက်တိုက်နယ်၊ သဲချောင်းကြီးရွာမှာရှိတဲ့ ပြည်သူ့ကျန်းမာရေးဌာနမှာ ကလေးမွေးတာ၊ ကလေးကာကွယ်ဆေးထိုးတာတွေရပြီး ကျန်းမာရေးကြီးကြီးမားမားတွေဆိုရင် သရက်ချောင်းမြို့နယ်နဲ့ ထားဝယ်မြို့က ဆေးရုံတွေမှာသွားပြလေ့ရှိတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ သဲချောင်းကြီးရွာပြည်သူ့ကျန်းမာရေးဌာနလည်း ပိတ်ထားရပြီး ဖြတ်လေးဖြတ်ခံထားရတာကြောင့် တိုက်နယ်ထဲကပြည်သူတွေအတွက် ဆေးဝါးသယ်ယူရာမှာ အခက်ခဲဖြစ်နေတယ်လို့သိရပါတယ်။
The Tanintharyi Times

