ဥယျာဥ်ခြံကပြန်လာတဲ့ တနင်္သာရီမြို့နယ်က လူငယ်တစ်ဦးကို စစ်ကောင်စီတပ် ပစ်သတ်
ဥယျာဥ်ခြံကပြန်လာတဲ့ တနင်္သာရီမြို့နယ်က လူငယ်တစ်ဦးကို စစ်ကောင်စီတပ် ပစ်သတ်
တနင်္သာရီမြို့နယ်က လူငယ်အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်သားတွေက ပြီးခဲ့တဲ့ တစ်ပတ်က ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အခုလ ၁၆ ရက်၊ ပြီးခဲ့တဲ့ သောကြာနေ့က တနင်္သာရီမြို့ကြေးရုပ်အနီး စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်သားတွေက ဥယျာဥ်ခြံကပြန်လာတဲ့ အမျိုးသားနှစ်ဦးကို တားဆီးပြီးနောက် တစ်ဦးကို ပစ်သတ်လိုက်တယ်လို့ သိရပါတယ်။ သတ်ခံရတဲ့ အခြေအနေကို မေးမြန်းတဲ့အခါမှာ ဒေသခံတွေရဲ့ ပြောပြချက် အမျိုးမျိုး ရှိနေတာကိုလည်း တွေ့ရပါတယ်။
“သူတို့နှစ်ယောက်က ဥယျာဥ်ထဲကပြန်လာတာ။ လမ်းမှာ စစ်ဆေးပြီး ဖမ်းတာ။ အဲဒီအချိန်ကိုသားချောက ရေထဲကို ခုန်ချပြီးထွက်ပြေးတော့ အပေါ်ကနေ သေနတ်နဲ့ ပစ်သတ်လိုက်တာ” လို့ဒေသခံတစ်ဦးက သူကြားသိရတာကို တဆင့်ပြန်ပြောပြပါတယ်။
သူတို့ကို စစ်ဆေးနေချိန် ဆိုင်ကယ်နဲ့ဖြတ်မောင်းလို့ပစ်ခတ်ခံရတာဖြစ်ပြီး ပစ်သတ်ပြီးနောက်စစ်ကောင်စီတပ်သားတွေက ရေထဲကိုပစ်ချခဲ့တာလို့ ပြောတဲ့ ဒေသခံလည်း ရှိပါတယ်။
ပစ်သတ်ခံရတဲ့ ပုံစံကို ဒေသခံအချို့ပြောပြတာ ကွဲပြားပေမဲ့ သေဆုံးသူကတော့ အသက် ၂၀ ကျော်အရွယ် သားချောဆိုသူဖြစ်ပြီး သူဟာ ကွမ်းသီးခြံလုပ်ငန်းတွေလုပ်ကိုင်နေတဲ့ သာမန်အရပ်သားတစ်ဦးသာဖြစ်တယ်လို့ ဒေသခံတွေက အတည်ပြုပါတယ်။
ကိုသားချောကို စစ်ကောင်စီတပ်ကဘယ်လိုပုံစံ ပစ်သတ်ခဲ့တယ်ဆိုတာကိုတော့ အတိအကျ မသိရပေမဲ့ သူ့ရဲ့အလောင်းကိုတော့ ပစ်သတ်ခံရပြီး ၂ ရက်အကြာမှ ပြန်လည်တွေ့ရှိခဲ့တယ်လို့ဒေသခံတွေက ပြောပါတယ်။
သေဆုံးခဲ့တဲ့ ကိုသားချောနဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ လူငယ်အမျိုးသားကိုတော့ စစ်ကောင်စီတပ်က ဆက်လက်ဖမ်းဆီးထားဆဲဖြစ်တယ်လို့ သိရပါတယ်။
အခုလ ၂ ရက်နေ့ကလည်း တနင်္သာရီမြို့နယ်က စစ်ဘေးရှောင်အမျိုးသားနှစ်ဦး တနင်္သာရီမြစ်လက်တက်အတွင်း လှေနဲ့သွားနေချိန် စစ်ကောင်စီတပ်ကသေနတ်နဲ့ပစ်ခတ်ခဲ့လို့ ကမ်းတိုရွာသား ကိုအောင်ကျော် သေဆုံးခဲ့ပါတယ်။
The Tanintharyi Times
