ဘူးသီးတောင်က ရိုဟင်ဂျာအရေး စုံစမ်းစစ်ဆေးပေးဖို့ တော်လှန်ရေးအင်အားစု နဲ့ အရပ်ဘက်အဖွဲ့စည်း ၁၉၅ ဖွဲ့က AA ကိုတောင်းဆို
ဘူးသီးတောင်က ရိုဟင်ဂျာအရေး စုံစမ်းစစ်ဆေးပေးဖို့ တော်လှန်ရေးအင်အားစု နဲ့ အရပ်ဘက်အဖွဲ့စည်း ၁၉၅ ဖွဲ့က AA ကိုတောင်းဆို
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ နေရာအများစုကို အာရက္ခတပ်တော် AA ထိန်းချုပ်ထားပြီးနောက် ဖြစ်ပေါ်ခဲ့တဲ့ ရိုဟင်ဂျာအရပ်သားတွေရဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရမှုနဲ့ပတ်သက်ပြီး AA ကစုံစမ်းစစ်ဆေးပေးဖို့ တော်လှန်ရေးအင်အားစု နဲ့ အရပ်ဘက်အဖွဲ့စည်း ၁၉၅ ဖွဲ့တောင်းဆိုလိုက်ပါတယ်။
မေလ ၁၇ ရက်၊ ည ၁၀ နာရီအချိန်မှာ ရိုဟင်ဂျာအရပ်သားအများစုနေထိုင်တဲ့ ဘူးသီးတောင်မြို့ပေါ် ရှိနေအိမ်တွေကို AA က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အရပ်ဘက်အဖွဲ့အစည်း ၁၉၅ ဖွဲ့တို့က ထုတ်ပြန်ထား ပါတယ်။
ယင်းပြောဆိုမှုဟာ သတင်းမီဒီယာတွေနဲ့ မျက်မြင်သက်သေထွက်ဆိုချက်အရ ဆိုပြီး ထုတ်ပြန်ချက်ထဲမှာ ရေးသားထားပါတယ်။
ဒီဖြစ်စဉ်ဟာ စစ်ရာဇဝတ်မှုအပြင် လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတခု ဖြစ်တာကြောင့် AA အနေနဲ့ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီး ကျူးလွန်မှုတွေ အမှန်တကယ်ရှိနေရင် ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူဖို့ အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ အထူးအလေးအနက် တောင်းဆိုတယ်လို့ ပြောပါတယ်။
အာရက္ခတပ်တော် AA ဘက်ကတော့ AA ဟာ စစ်ပွဲနဲ့ မသက်ဆိုင်တဲ့ အရပ်သားပစ်မှတ်တွေကို မည်သည့်အခါမှ ရည်ရွယ်တိုက်ခိုက်လေ့မရှိတဲ့ အဖွဲ့အစည်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသက ပြည်သူတွေကို ဘေးလွတ်ရာဆီ အရေးပေါ်ကယ်ထုတ်တဲ့နေရာမှာ လူမျိုးမရွေး ဘာသာမရွေး ကူညီဆောင်ရွက်ပေးနေတယ်လို့ မနေ့က ထုတ်ပြန်ထားပါတယ်။
ဒီကနေ့ ရခိုင်မြောက်ပိုင်းအခြေအနေနဲ့ ပတ်သက်ပြီး တော်လှန်ရေးအင်အားစုတွေနဲ့ အရပ်ဘက်အဖွဲ့အစည်း ၁၉၅ ဖွဲ့တို့ ပူးတွဲထုတ်ပြန်ချက်မှာတော့ လက်ရှိမြေပြင်မှာ AA လက်အောက်ခံ စစ်သားတွေက ကျူးလွန်နေတယ်ဆိုပြီး စွပ်စွဲခံထားရတဲ့ ကိစ္စရပ်တွေ ရှိနေတာကြောင့် ဒါကို AA ဘက်က ကျူးလွန်သူတွေကို စုံစမ်းဖော်ထုတ်ဖို့ တိုက်တွန်းတောင်းဆိုတာ ဖြစ်ပါတယ်။
လူမှုသဟဇာတဖြစ်ရေး အပါအဝင် ဒေသလူထုအတွက် တာဝန်ယူ တာဝန်ခံတဲ့ အခြေအနေမျိုးကို AA အနေနဲ့ တာဝန်ယူဆောင်ရွက်ပေးဖို့ တိုက်တွန်းသလို ဒေသတွင်း မှီတင်းနေထိုင်တဲ့ ရခိုင်လူမျိုးစု၊ ရိုဟင်ဂျာလူမျိုးစုအပြင် အခြားသော လူမျိုးစုနဲ့ ဘာသာဝင်တွေကိုလည်း စစ်ပွဲတွင်း ပစ်မှတ်မထားဖို့ နဲ့
သတင်းမီဒီယာတွေ၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို ဝင်ခွင့်ပေးဖို့ကိုလည်း AA ကို အထူးတိုက်တွန်းတောင်းဆိုတယ်လို့ ထုတ်ပြန်ထားပါတယ်။
အာရက္ခတပ်တော် AA ခေါင်းဆောင်တွေနဲ့ ရိုဟင်ဂျာခေါင်းဆောင်တွေ အမြန်ဆုံး တွေ့ဆုံကာ ဆွေးနွေးတိုင်ပင်မှုတွေ ပြုလုပ်ကြဖို့ကိုလည်း တိုက်တွန်းထားပြီး တော်လှန်ရေးအင်အားစုတွေအနေနဲ့ ရခိုင်ပြည်မှာ လူမျိုးစုံ၊ ဘာသာစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ရေရှည်တည်ငြိမ်မှုကို အထောက်အကူပြုမယ့် လုပ်ငန်းစဉ်ထဲမှာ အားဖြည့်ပြီး ဆက်လက်ဝန်းရံသွားမှာ ဖြစ်တယ်လို့ ကတိပြုပြောဆိုထားပါတယ်။
ရိုဟင်ဂျာတွေဟာ စစ်ကောင်စီရဲ့ ဖိနှိပ်ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ လူမျိုးတုံးသတ်ဖြတ်မှုတွေအပြင် လက်ရှိမှာ အတင်းအဓမ္မဖိအားပေးပြီး စစ်သားအဖြစ် လူသားဒိုင်းအဖြစ် စစ်အုပ်စုကိုယ်စား အကြမ်းဖက်မှုကျူးလွန်သူတွေအဖြစ် အသုံးပြုခံနေရသူတွေ ဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
လူမျိုးရေးပဋိပက္ခဖြစ်အောင် စစ်အုပ်စုက လုပ်ဆောင်နေတာအပြင် ရိုဟင်ဂျာလူထုတွေရဲ့ အခြေအနေနဲ့ နှစ်များစွာ ဖိနှိပ်ပိတ်လှောင်ခံရမှုကြောင့် စစ်ကောင်စီပုံဖော်ချင်တဲ့ ပုံစံကို ကြုံတွေ့ရတဲ့နေရာမှာ တခြားလူမျိုးနဲ့မတူတဲ့ အကျပ်အတည်းတွေ ရိုဟင်ဂျာလူထုတွေမှာ ကြုံနေရတယ်ဆိုတာကို တော်လှန်ရေးအင်အားစုနဲ့ ပြည်သူတွေက သတိထားပြီး နားလည်သိရှိထားဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ ရိုဟင်ဂျာလက်နက်ကိုင်အုပ်စုတွေ ဖြစ်တဲ့ Arakan Rohingya Salvation Army (ARSA) ၊ Arakan Rohingya Army (ARA) ၊ Rohingya Solidarity Organization (RSO) တို့ဟာ ရိုဟင်ဂျာပြည်သူတဦးချင်းစီကို လုံးဝကိုယ်စားမပြုဘူးဆိုတာ သေချာခွဲခြားမြင်ဖို့ လိုအပ်တယ်လို့ တော်လှန်ရေးအင်အားစု နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာလကတည်းက အဆိုပါ လက်နက်ကိုင်အဖွဲ့တွေဟာ ရိုဟင်ဂျာလူမျိုးစုကို ကိုယ်စားမပြုဘူးဆိုတာ ရိုဟင်ဂျာအသိုင်းအဝိုင်းက သဘောထားထုတ်ပြန်ခဲ့တာ ရှိပါတယ်။
ဒါ့ကြောင့် အဖွဲ့အစည်းတွေ၊ သတင်းမီဒီယာတွေ၊ လူပုဂ္ဂိုလ်တွေအနေနဲ့ “ဘင်္ဂါလီအကြမ်းဖက်သမားများ၊ မွတ်ဆလင်အကြမ်းဖက်သမားများ” စတဲ့ အမုန်းစကားဝေါဟာရတွေကို တွင်တွင်သုံးနေတာဟာ လူထုကြား အမုန်းတရားကြီးမားစေဖို့ တွန်းပို့နေတာ ဖြစ်တယ်လို့လည်း အခုထုတ်ပြန်ချက်မှာ ထောက်ပြပြောဆိုထားပါတယ်။
အာရက္ခတပ်တော် AA ဘက်ကတော့ ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေ သတင်းမီဒီယာတွေအနေနဲ့ ရခိုင်ဒေသတွင်း လက်တလောဖြစ်ပေါ်နေတဲ့ သတင်းအချက်အလက်တွေကို ဘက်လိုက်မှုမရှိဘဲ ကျင့်ဝတ်နဲ့အညီ သတင်းရယူနိုင်ရေးအတွက် မိမိတို့ အဖွဲ့အစည်းက လိုလိုလားလား လက်ခံကြိုဆိုတယ်လို့ ပြောဆိုထားပါတယ်။
ဘူးသီးတောင်၊ မောင်တောဒေသရဲ့ လက်ရှိအရေးနဲ့ပတ်သက်ပြီး ဘက်မလိုက်တဲ့ မည်သည့်အဖွဲ့အစည်းနဲ့မဆို အတူပူးပေါင်းဆောင်ရွက်သွားဖို့ အသင့်ရှိတယ်လို့လည်း ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။



The Tanintharyi Times
