မောင်းမကန်ရွာက ဖမ်းဆီးခံရတဲ့ အသက်၁၆နှစ်အရွယ်မိန်းကလေး ပြန်မလွတ်သေး

မောင်းမကန်ရွာက ဖမ်းဆီးခံရတဲ့ အသက်၁၆နှစ်အရွယ်မိန်းကလေး ပြန်မလွတ်သေး

ပုံစာ - ဖမ်းဆီးခံထားရတဲ့ မယဥ်ဖူးပွင့် (ခေါ်) သမီးလေး

လောင်းလုံးမြိုနယ်၊ မောင်းမကန်ရွာက အသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲဝင်တွေက လာရောက်ဖမ်းဆီးသွားတာ လေးရက်ရှိနေပြီ ဖြစ်ပြီး အခုထိပြန်မလွတ်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အခုလ ၁၉ရက်က မယဥ်ဖူးပွင့် (ခေါ်) သမီးလေးကို မောင်းမကန်ကမ်းခြေက မိသားစုပိုင်စားသောက်ဆိုင်မှာရှိနေချိန် စစ်ကောင်စီတပ်က လာရောက် ဖမ်းဆီးခေါ်သွားခဲ့တာပါ။

“လူနာမည် ဆိုင်နာမည်အတိအကျနဲ့ လာဖမ်းတာပါ။ မောင်းမကန်ရဲစခန်းက ကားတစ်စီးလည်းပါတယ်။ အကုန် အရပ်ဝတ်နဲ့ပဲ” လို့မောင်းမကန်လမ်းခြေက ဒေသခံတစ်ဦးက ပြောပါတယ်။

မယဥ်ဖူးပွင့်ဟာ အွန်လိုင်းမှာ ဈေးရောင်း၊ ဝယ်တာကို လုပ်ကိုင်နေသူဖြစ်ပြီး ဘာကြောင့်ဖမ်းဆီးတယ် ဆိုတာကို အတိအကျ မသိရသေးပါဘူး။

ဒေသခံကတော့ ထားဝယ်မြို့အဝင်ပေါက်တိုင်းတံတားဂိတ်မှာ လူငယ်အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး စစ်ဆေးဖမ်းဆီးခံရပြီးနောက် သူ့ကိုပါ ဆက်စပ်ပြီး ဖမ်းဆီးတာဖြစ်တယ်လို့ ခန့်မှန်းပြောပါတယ်။

စစ်ကောင်စီတပ်ကတော့ ဒီကနေ့မနက်ပိုင်းအထိ သူကိုပြန်လွှတ်ပေးတာမျိုးမရှိသေးဘဲ ထားဝယ်ခရိုင်ရဲတပ်ဖွဲ့ရုံးမှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဧပြီလကလည်း မောင်းမကန်ရွာက အသက်မပြည့်သေးတဲ့ အခြေခံပညာကျောင်းသူ မသဲရတနာထွေးကို စစ်ကောင်စီတပ်ကဖမ်းဆီး ခဲ့ဖူးပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ အသက်မပြည့်သေးသူတွေကို ကလေး၊ သူငယ်ဥပဒေအရ ပေးရမဲ့ တရားရုံး အခွင့်အရေးတွေကို မပေးဘဲ၊ လျစ်လျူရှုထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့စာရင်းတွေအရ စစ်အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ဧပြီလကုန်အထိ ဖမ်းဆီးခံရသူတွေထဲမှာ အရွယ်မရောက်သေးသူ ၆၀၀ နီးပါးပါဝင် နေပါတယ်။

လက်ရှိမှာလည်း တနိုင်ငံလုံးက အရွယ်မရောက်သေးသူ ၅၀၀ ဝန်းကျင်ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။ တနင်္သာရီတိုင်းကတော့ ပြည်နယ်နဲ့တိုင်း ၁၄ ခုမှာ အသက်မပြည့်သေးသူ ဖမ်းဆီးခံရမှုအများဆုံးဒေသတွေထဲမှာ ပါဝင်ပြီး အဆင့် ၆ ရှိပါတယ်။

The Tanintharyi Times