လောင်းလုံးဒေသခံတွေကို စစ်ကောင်စီလော်ဘီတွေက လှုံဆော်ဖမ်းဆီးခိုင်းတာတွေများလာ
လောင်းလုံးဒေသခံတွေကို စစ်ကောင်စီလော်ဘီတွေက လှုံဆော်ဖမ်းဆီးခိုင်းတာတွေများလာ
လောင်းလုံးမြို့ကဒေသခံတွေကို စစ်ကောင်စီလော်ဘီတယ်လီဂရမ်ချန်နယ်တွေကနေ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးခိုင်းတာတွေ ဆက်တိုက်လုပ်ဆောင်လာတယ်လို့ ဒေသခံနဲ့ တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။
စစ်ကောင်စီလော်ဘီတွေဟာ လောင်းလုံးမြို့ခံ အရပ်သားတွေကို တော်လှန်ရေးမှာ ထောက်ပို့လုပ်နေသူ၊ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေကို ကားနဲ့ပို့ဆောင်ပေးသူ၊ ထမင်းချက်ပေးနေသူ၊ စျေးရောင်းပေးနေသူတွေလို့ စွပ်စွဲပြီး ဖမ်းဆီးဖို့လှုံ့ဆော်နေတာပါ။
လောင်းလုံးမြို့နယ်မှာ အခုလိုလုပ်ဆောင်တာမျိုး အရင်ကအနည်းအကျဥ်းပဲရှိခဲ့ပေမဲ့ ပြီးခဲ့တဲ့ မတ်လနောက်ဆုံးပတ်လောက်ကစလို့ လှုံ့ဆော်ဖမ်းဆီးခိုင်းတာတွေကို သိသိသာသာပိုမိုလုပ်ဆောင်လာတယ်လို့ တယ်လီဂရမ်ချန်နယ်တွေကို ပုံမှန်စောင့်ကြည့်နေတဲ့ ဒေသခံတွေနဲ့ တော်လှန်ရေးရဲဘော်တွေကဆိုပါတယ်။
“အရင်ကအနည်းအကျဥ်းပဲရှိတယ်။ အခုကတော့ဓာတ်ပုံလေးတစ်ပုံလောက်ရရင်ကို အမျိုးမျိုးစွပ်စွဲပြီးရေးတော့တာ။ သူတို့တင်တဲ့သူတွေကလည်း ဘာမှမလုပ်တဲ့သူတွေပဲ။ အခုဆိုလောင်းလုံးနဲ့ပတ်သက်တာနေ့တိုင်းလိုသူတို့မှာတင်တယ်” လို့ လောင်းလုံးဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
တနင်္သာရီတိုင်းမ်က စုစည်းထားတဲ့အချက်အလက်တွေအရ အမဲလိုက်မုဆိုးကြီးအမည်ပေးထားတဲ့ စစ်ကောင်စီလော်ဘီတယ်လီဂရမ်ချန်နယ်တစ်ခုတည်းကနေ ပြီးခဲ့မတ်လနောက်ဆုံးပတ်ကစလို့ လက်ရှိအချိန်ထိ လှုံဆော်ပြီးဖမ်းဆီးခိုင်းထားတဲ့ လောင်းလုံးဒေသခံ အမျိုးသားနဲ့အမျိုးသမီး စုစုပေါင်း ၁၉ ဦးအထိရှိခဲ့ပါတယ်။
အခုလိုလှုံဆော်တာတွေကြောင့် ဖမ်းဆီးခံရတဲ့သူတွေမရှိသေးသလို စစ်ကောင်စီကလိုက်လံဖမ်းဆီးတာတွေမျိုးလည်း မရှိသေးပေမဲ့ နာမည်ပါလာတဲ့သူတွေက စိုးရိမ်စိတ်ကြောင့် သတိနဲ့သွားလာနေရတယ်လို့ ဒေသခံတွေကဆိုပါတယ်။
လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ လောင်းလုံးမှာအခုလိုပိုမိုလုပ်ဆောင်လာတာဟာ စစ်ကောင်စီက မြို့နယ်အတွင်း ပြန်လည်ထိန်းချုပ်လာအောင် လော်ဘီတွေကတိုက်တွန်းနေတာလို့ဆိုပါတယ်။
“ဒီမှာက တခြားမြို့နယ်ထက်သတင်းပေးတယ်တဲ့သူ ပိုများတယ်လို့ယူဆရတယ်။ အဲဒီလူတွေက လောင်းလုံးကို စစ်တပ်ကပိုအာရုံစိုက်လာအောင် အမျိုးမျိူးလော်တာ။ ပြီးတော့ အခုလောင်းလုံးမြို့ပေါ်တကွက်လေးပဲစိုးမိုးထားနိုင်တယ်။ ကားလမ်းနဲ့ဆိုရင် သူတို့သွားလို့မရဘူးလေ။ ဒါကြောင့် ပြန်လှုပ်ရှားလို့ရအောင်လုပ်နေတာ” လို့ လောင်းလုံး ပကဖ ပြောရေးဆိုခွင့်ရှိသူကို ရှဲဒိုးကပြောပါတယ်။
အရပ်သားတွေကို ဖမ်းဆီးခိုင်တာအပြင် အခုတစ်လအတွင်းလောင်းလုံးမြို့နယ်အတွင်းက နေအိမ်လေးဆောင်ထက်မနည်းကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ဆက်စပ်တယ်လို့ဆိုကာ ချိတ်ပိတ်ပေးဖို့လှုံ့ဆော်ထားပါသေးတယ်။
ဒါ့အပြင် လောင်းလုံးမြို့နယ်အတွင်းမှာ အားကောင်းနေတဲ့ လူထုသပိတ်လှုပ်ရှားမှုတွေကိုလည်းဟန့်တားဖို့၊ သပိတ်မှာပါဝင်သူတွေကိုဖမ်းဆီးဖို့ ဓာတ်ပုံတွေနဲ့အတကွလှုံ့ဆော်တာနဲ့ လေကြောင်းတိုက်ခိုက်ဖို့၊ စစ်ကြောင်းထိုးနယ်မြေရှင်းလင်းဖို့လည်း လှုံ့ဆော်ရေးသားတာတွေကိုလည်း မကြာခဏလုပ်ဆောင်နေပါတယ်။
သရက်ချောင်းမြို့နယ်မှာလည်း သာသနိကအဆောက်အအုံတွေ၊ ကားလမ်းမတွေနဲ့ အများပြည်သူပိုင်နေရာ အခုနှစ်ဆယ်ဝန်းကျင်ကို တော်လှန်ရေးတပ်တွေတပ်စွဲထားတဲ့နေရာတွေလို့စွပ်စွဲကာ မြေပုံအညွန်းနဲ့တကွဖော်ပြပြီး လေယာဥ်နဲ့ဗုံးကြဲခိုင်းတာတွေကို အခုလပထမပတ်အထိ စစ်ကောင်စီလော်ဘီချန်နယ်တွေကလှုံဆော်ခဲ့ပါတယ်။
စစ်ကောင်စီရဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဟန်ငြိမ်းဦး၊ ကျော်စွာ၊ ဘညွှန့်၊ PAN၊ ကိုသက်နဲ့ မှိုင်းဝေအပါအဝင် စစ်ကောင်စီလော်ဘီချန်နယ်ပေါင်း ၂၀ ထက်မနည်းရှိပြီး စစ်ကောင်စီအတွက်ဝါဒဖြန့်တာ၊ စစ်ကောင်စီဆန့်ကျင်သူတွေကိုသတင်းပေးပြီးဖမ်းဆီးခိုင်းတာနဲ့ အရပ်သားတွေကိုပစ်မှတ်ထားတိုက်ခိုက်ဖို့ လှုံ့ဆော်တာတွေကို စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဆက်တိုက်လုပ်ဆောင်နေပါတယ်။
အဲဒီလိုလှုံဆော်မှုတွေကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း တနိုင်ငံလုံးမှာ အရပ်သားတွေ ဖမ်းဆီးခံရတာ၊ သတ်ဖြတ်ခံရတာအပြင် နေအိမ်ချိတ်ပိတ်ခံရတာနဲ့ မီးရှို့ခံရတာတွေ အများအပြားရှိခဲ့ပါတယ်။
The Tanintharyi Times
