စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ အပေါ် ဂျပန် သံသယရှိ
စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ အပေါ် ဂျပန် သံသယရှိ

■ ဂျပန်အစိုးရ ဦးဆောင်ပြီး ရွေးကောက်ပွဲဖြစ်မြောက်ရေး ပံ့ပိုးနေတဲ့နိုင်ငံတွေကိုတားဆီးဖို့ HRW တိုက်တွန်း
မြန်မာ စစ်အုပ်စုကျင်းပမယ့် ရွေးကောက်ပွဲအပေါ် သံသယရှိတယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Takeshi Iwaya က ပြောပါတယ်။
စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ဘီလာရုစ်အတွင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဂျပန်အနေနဲ့ အလေးအနက်စိုးရိမ်တယ်လို့ မတ်လ ၂၁ ရက်နေ့ပြုလုပ်ခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ရဲ့အစည်းအဝေးတစ်ခုမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲတာဖြစ်ကြောင်းလူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) ကထုတ်ပြန်ထားပါတယ်။
အဲ့ဒီအစည်းအဝေးမှာ ဂျပန်အတိုက်အခံအမတ်တစ်ဦးက နိုင်ငံခြားရေးဝန်ကြီးကို မြန်မာအရေး နဲ့ ပတ်သက်ပြီး မေးခွန်းမေးမြန်းခဲ့ရာ အခုလိုပြန်လည်ဖြေကြားခဲ့တာပါ။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးက “ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ နဲ့ လက်ရှိ ပဋိပက္ခတွေကျော်လွှားနိုင်ဖို့ တွေ့ဆုံဆွေးနွေးအအဖြေရှာရမယ့် ကိစ္စတွေ တိုးတက်မလာဘဲ စစ်တပ်ဘက်က ရွေးကောက်ပွဲ ပြုလုပ်မယ်ဆိုတဲ့ အခြေအနေတွေဟာ စိုးရိမ်စရာဖြစ်နေတယ်” လို့ပြောကြားခဲ့တာပါ။
မြန်မာစစ်အုပ်စု ဟာ ၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးကတည်းက လူ့အခွင့်ရေးချိုးဖောက်မှုတွေ ၊ အရပ်သားပြည်သူတွေ အပေါ် တရားလက်လွတ် သတ်ဖြတ်တာတွေ နဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို လက်ရှိအချိန်ထိကျူးလွန်နေဆဲဖြစ်တာကြောင့် ရွေးကောက်ပွဲ အပေါ် ထောက်ပံ့နေတဲ့ အစိုးရတွေကု ဂျပန် အနေနဲ့ တားဆီးသင့်တယ်လို့လည်း လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) ထောက်ပြထားပါတယ်။
ဂျပန်အစိုးရအနေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ၊ တောင်ကိုးရီးယားနဲ့ အိန္ဒိယ အပါအဝင် အခြားအစိုးရတွေ ကို စစ်အုပ်စုကျင်းပမယ့်ရွေးကောက်ပွဲအပေါ် နည်းပညာတွေ ပံ့ပိုးကူညီတာတွေ ကိုတားဆီးပေးဖို့ တာဝန်ရှိပြီး စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို လူသိရှင်ကြား ရှုတ်ချဖို့လိုတယ်လို့ HRW က တိုက်တွန်းခဲ့တာပါ။
လက်ရှိမှာ စစ်ကောင်စီဟာ လူထုထောက်ခံတဲ့ နိုင်ငံရေးပါတီတွေကိုဖျက်သိမ်းထားပြီး အတိုက်အခံ နိုင်ငံရေးသမားတွေနိုင်ထက်ပြုကျင့် ဖမ်းဆီးထားတာကြောင့် လွတ်လပ်ပြီးတရားမျှတဲ့ရွေးကောက်ပွဲ ဖြစ်လာနိုင်စရာ မရှိဘူးလို့ HRW က ဆိုပါတယ်။
စစ်အုပ်စု ဟာ နိုင်ငံရဲ့နယ်မြေထက်ဝက်လောက်ကိုလည်း လက်လွှတ်ထားပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ က သန်းခေါင်စာရင်း ကောက်ယူခဲ့ရာမှာ မြို့နယ်ပေါင်း ၃၃၀ မှာ ၁၄၅ ခုသာ သန်းခေါင်စာရင်း ကောက်ယူနိုင်ခဲ့တာက သက်သေပဲလို့ HRW က ပြောထားပါတယ်။
စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို သံသယရှိတာဟာ ဂျပန်တစ်နိုင်တည်းမဟုတ်ဘဲ အာဆီယံ အလှည့်ကျဥက္ကဌ မလေးရှားနိုင်ငံလည်းပါဝင်တယ်လို့ဆိုပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး Mohamad Hasan ကလည်းရွေးကောက်ပွဲဟဟာ မြန်မာအတွက် လက်ရှိအခြေအနေအရဦးစားပေးမဟုတ်ကြောင်း မြန်မာစစ်ဗိုလ်ချုပ်တွေကို သတင်းစကားပါးထားတယ်လို့ ပြောဆိုထားပါတယ်။
ဂျပန်အနေနဲ့ မြန်မာရွေးကောက်ပွဲ ကိစ္စမှာ ယုံကြည်တဲ့ အတိုင်းလူသိရှင်ကြားထုတ်ပြောဖို့လိုတယ်လို့ HRW က တိုက်တွန်းထားတာပါ။
(ယခုဘာသာပြန်သတင်းကို The Tanintharyi Times နဲ့ Connect Burma သတင်းခန်းတို့ပူးပေါင်းတင်ဆက်ပါတယ်)
The Tanintharyi Times