နိုင်ငံကူးလက်မှတ် အခုလ ၂၄ ရက်နေ့က စပြီးပြန်လည် လျှောက်ထားနိုင်ပြီ
နိုင်ငံကူးလက်မှတ် အခုလ ၂၄ ရက်နေ့က စပြီးပြန်လည် လျှောက်ထားနိုင်ပြီ
ပြီးခဲ့တဲ့ ဒီဇင်ဘာလက ရုတ်တရက် ရပ်ဆိုင်းခဲ့တဲ့ နိုင်ငံကူးလက်မှတ် – ပတ်စ်ပို့လျှောက်ထားခွင့်ကို အခုလ ၂၄ ရက်နေ့၊ လာမဲ့သောကြာနေ့မှာ ပြန်လည် လျှေက်ထားနိုင်ပြီလို့ စစ်ကောင်စီက ကြေညာပါတယ်။
ရန်ကုန်မြို့တစ်ခုတည်းသာ Online Booking စနစ်နဲ့ လျှောက်ထားရမှာဖြစ်ပြီး ကျန်တဲ့ ပြည်နယ်တိုင်းတွေက နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲတွေမှာ အရင်လျှောက်ထားတဲ့ လုပ်ငန်းစဉ်အတိုင်းပဲ ဆောင်ရွက်ထားရမယ်လို့ ဆိုပါတယ်။
Online Booking ရယူရာမှာ အချိန်အကန့်အသတ်မရှိဘဲ အလွယ်တကူ လျှောက်ထားနိုင်ပြီး ကုန်ကျစရိတ်ကို သတ်မှတ် နှုန်းထားအတိုင်း တစ်ပါတည်း ပေးချေရမယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
Online Booking လျှောက်ထားဖို့ အခက်အခဲရှိသူတွေအနေနဲ့ သက်ဆိုင်ရာမြို့မရဲစခန်းတွေမှာ အကူအညီ တောင်းခံပြီး လျှောက်ထားနိုင်တယ်လို့လည်း စစ်ကောင်စီ လ.ဝ.က ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မည်သူမဆို လွယ်ကူစွာ လျှောက်ထားနိုင်ဖို့ စီစဉ်ထားပြီး ကြားခံပွဲစားတွေနဲ့ အခကြေးငွေ ပေးဆောင် လျှောက်ထားတာမျိုး မပြုလုပ်ဖို့လည်း ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။
Online Booking စနစ်သစ်နဲ့ ကိုယ်တိုင်လျှောက်ထားရမဲ့ ဝက်ဆိုဒ်လိပ်စာကတော့ www.passport.gov.mm ဖြစ်ပါတယ်။
The Tanintharyi Times
