လောင်းလုံးမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဖမ်းခံရပြီးနောက် မြို့ခံခြောက်ယောက်ထက်မနည်း ဆက်တိုက်ဖမ်းဆီးခံရ

လောင်းလုံးမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဖမ်းခံရပြီးနောက် မြို့ခံခြောက်ယောက်ထက်မနည်း ဆက်တိုက်ဖမ်းဆီးခံရ

ပုံစာ - ပုံဟောင်းဖြစ်ပါတယ်။

လောင်းလုံးမြို့ပေါ်မှာ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဖမ်းဆီးခံရပြီးနောက် အရပ်သားမြို့ခံတွေ ဖမ်းဆီးခံရတာတွေလည်း ဆက်တိုက် ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လောင်းလုံးမြို့ပေါ် (ဂ) ရပ်ကွက်က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ကိုဆံရှည်ဆိုသူကို စစ်​ကောင်စီတပ်သားနဲ့ ရဲတွေက အခုတပတ်အတွင်းမှာဖမ်းဆီးခဲ့ပါတယ်။

အဲဒီနောက် လွန်ခဲ့တဲ့နှစ်ရက်၊ အခုလ ၁၉ ရက်နေ့မှာ လောင်းလုံးမြို့ပေါ်ကအမျိုးသား ၄ ဦးခန့် ဖမ်း​ဆီးခံခဲ့ရသလို အဲဒီနေ့ညပိုင်းမှာပဲ မြို့ခံအမျိုးသား၂ ဦးထက်မနည်းကို စစ်ကောင်စီတပ်သားနဲ့ရဲတွေက သူတို့ရဲ့​နေအိမ်တွေမှာထပ်မံ ဖမ်းဆီးသွားခဲ့ပါတယ်။

“မြို့ပေါ်မှာက အဲ့လိုမဖမ်းတာကြာပြီ” လို့လောင်းလုံးမြို့ခံတစ်ဦးက ပြောပါတယ်။

​မြို့ခံတွေ ဘာကြောင့်ဖမ်းဆီးခံရတယ်ဆိုတာကိုတော့မသိရပေမယ့် ဖမ်းဆီးခံရသူတွေ အားလုံး မနေ့ကမနက်ပိုင်းနဲ့ ဒီကနေ့မနက်ပိုင်းတွေမှာ ပြန်လွတ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြန်လွတ်လာသူတွေကို ငွေကြေးနဲ့ပြန်လည် ထုတ်ယူခိုင်းတာနဲ့ ဖမ်းဆီးချိန်မှာ နေအိမ်က ပါလာတဲ့ ငွေကြေးတွေ၊ ရွေငွေတွေကို စစ် ကောင်စီတပ်သားတွေက ယူထားတာတွေလုပ်ဆောင်ခဲ့တယ်လို့လည်း မြို့ခံတွေ ပြောပြချက်အရ သိရပါတယ်။

စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ကိုဆံရှည် ဘာကြောင့်ဖမ်းဆီးခံရတယ်ဆိုတာကို မသိရသေးသလို လက်ရှိအချိန်ထိ ပြန်လွတ်မလာသေးဘူးလို့လည်း မြို့ခံတွေက ဆိုပါတယ်။

အဆိုပါ ဖမ်းဆီးမှုတွေကို လောင်းလုံးမြို့မရဲစခန်းမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေကလုပ်ဆောင်နေတာပါ။ မြို့ပေါ်က ထွေအုပ်ရုံးမှာလည်း စစ်ကောင်စီတပ်သား အင်အား ၃၀ လောက်က အခုတပတ်မှာ ထပ်တိုးတပ်စွဲထားတယ်လို့ မြို့ခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

လောင်းလုံးမြို့ပေါ်မှာ အခုလအတွင်း လုံခြုံရေးတင်းကြပ်နေသလို မြို့နယ်အတွင်းမှာလည်း စစ်ကြောင်းထိုးတာ၊ တောနင်းတာတွေရှိခဲ့ပါတယ်။

The Tanintharyi Times