လွတ်မြောက်ပြီးတဲ့အခါ ဘဝကို အစကနေ ပြန်စကြရတယ်
လွတ်မြောက်ပြီးတဲ့အခါ ဘဝကို အစကနေ ပြန်စကြရတယ်

ခေါင်စဉ်လေးတစ်ခုကို မကြာခဏ သတိရမိနေခဲ့ပါတယ်။ ‘လွတ်မြောက်ပြီးတဲ့အခါ ဘဝကို အစကနေ ပြန်စကြရတယ်’ ဆိုတာလေးပါပဲ။
ထောင်ကျရတာဟာ ဘဝကို အရာအားလုံး စောက်ထိုးမိုးမျှော် ဖြစ်သွားသလိုပါပဲ။ အကျဉ်းစံတွေရဲ့ ဒုက္ခဟာ အချုပ်အနှောင်အတွင်းမှာ အကျဉ်းကျနေခြင်းဆိုတာထက် ပိုကြပါတယ်။ လွတ်လပ်မှုမရှိတာ၊ အနေအစားဆင်းရဲတာ၊ မိသားစုမိတ်ဆွေတွေနဲ့ တွေ့ဆုံမြင်နိုင်ခွင့် မရှိတော့တာ၊ အပြင်လောကအကြောင်း ဘာမှမသိရတော့တာ စတာတွေကတော့ မြင်သာတဲ့ ယေဘုယျဒုက္ခတွေ ဖြစ်ပါလိမ့်မယ်။
တစ်ဖက်မှာလည်း သူတို့ရဲ့ စိတ်ခံစားမှုတွေဟာ သိမ်ငယ်ကျဆင်း၊ အိုမင်းရင့်ရော်သွားကြရပါတယ်။
မိသားစုအတွက် ဝင်ငွေရှာဖွေမပေးနိုင်တော့ဘူးဆိုတဲ့ ခံစားမှုကလည်း သူတို့ကို နွမ်းလျစေပါတယ်။ ဒီကြားထဲမှာပဲ မိသားစုဟာ ကိုယ့်အတွက် ကသောင်းကနင်းဖြစ်ရ၊ ပြာယာတွေ ခတ်ကြရ။ အမှုအတွက် သုံးစွဲကုန်ကျမယ့် စရိတ်စကတွေအတွက်လည်း သူတို့တွေမယ် ကသီလင်တဖြစ်ရ။ ဒါတွေကို လိုက်ပြီး တွေးတောမိနေတတ်ကြတာမို့ သူတို့စိတ်တွေဟာ ကြီးမားတဲ့ ဖိစီးမှုတွေအောက်မှာ လေးလံထိုင်းမှိုင်းလို့ နေတတ်ကြပါသေးတယ်။
တချို့တွေဟာ တစ်လကုန်သွားတိုင်း အရင်တုန်းက ပုံမှန်ရနေခဲ့တဲ့ ကိုယ့်လစာလေးကို သတိရမိကြပါတယ်။ လစာပမာဏဟာ နည်းတယ်များတယ် ဆိုတာတွေထက် အလုပ်အကိုင်မဲ့သွားမှုနဲ့ ဝင်ငွေမဲ့သွားမှုအတွက်ကတော့ စိတ်ထိခိုက်ကြရတာပါ။ သာမန်လူတစ်ယောက်အနေနဲ့ အပြင်လောကမှတောင် အလုပ်အကိုင်မဲ့ ဖြစ်ရတာဟာ သောကပွေစရာပဲမဟုတ်လား။ အထဲကလူတွေအတွက်တော့ နှစ်ထပ်ကွမ်း ပူလောင်စရာပါပဲ။
တဖြည်းဖြည်းနဲ့ နေ့တွေလတွေ ကြာရှည်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် အားကိုးယုံကြည်စိတ်တွေကလည်း လျော့ပါးလာပြန်ပါတော့တယ်။ အပြင်ကို ပြန်ရောက်တဲ့အခါ အရင်လို လူရာဝင်ပါဦးမလား၊ ကိုယ်လုပ်နေကျဖြစ်တဲ့ အလုပ်တွေကိုတောင် လုပ်မှ လုပ်တတ်ပါဦးမလားဆိုတဲ့ အတွေးတွေနဲ့ ရှုပ်ယှက်ခတ်လို့ နေပါတယ်။
ထောင်ဝန်ထမ်းတချို့ ဖုန်းသုံးတာကို အဝေးကနေ မြင်ရတဲ့အခါ ကိုယ်ကိုင်ခဲ့ရတဲ့ ဖုန်းကလေးအကြောင်း ပြန်တွေးမိ။ ဖုန်းစခရင်နဲ့ မထိတို့ရတာ ကြာသွားပြီဖြစ်တဲ့ လက်ချောင်းတွေဟာ ရိုးတိုးရွတွဖြစ်လာကြ။ ပြန်လည်လွတ်မြောက်လာတဲ့အခါ ဖုန်းကိုတောင် ရှောရှောရှူရှူ၊ ချောချောမွေ့မွေ့ သုံးတတ်ပါဦးမလား။
ဒါ့အပြင် ကွန်ပျူတာလက်ကွက်ခလုတ်တွေကို မျက်လုံးထဲ ပုံဖော်ကြည့်တဲ့အခါ ဝိုးတိုးဝါးတား ဖြစ်လို့ နေပြန်တဲ့အခါ ဘဝအနာဂတ်အတွက် စိုးထိတ်မှုဟာ ကြောက်စရာကောင်းလောက်အောင် တသိမ့်သိမ့်တုန်ခါနေပါတယ်။
နည်းပညာအသစ်တွေက အချိန်ခဏပန်းအတွင်းမှာပဲ အရှိန်အဟုန်နဲ့ ပြောင်းလဲ တိုးတက်နေတယ်ရယ်လို့ စိတ်အသိမှာ စွဲမြဲနေတာမဟုတ်လား။ ဒီတော့လည်း လောကထဲကို ဘယ်လို ပြန်ဝင်ရပါ့ဆိုတဲ့ စိုးရိမ်မှုမျိုးဟာ အားလုံးလိုလိုမှာ ရှိနေခဲ့ပါတယ်။ ဒီလိုပါပဲ တခြားသူတွေလည်း ကိုယ်စီကိုယ်စီ အပူအပန်တွေနဲ့ပေါ့။
ဒီလိုနဲ့ ဒီခေါင်းစဉ်လေးကို မကြာမကြာ သတိရနေမိခဲ့ပါတယ်။ “လွတ်မြောက်ပြီးတဲ့အခါ ဘဝကို အစကနေ ပြန်စကြရတယ်”။
ဈေးမှာ ကုန်စိမ်းထမ်းတဲ့ ကောင်လေးတစ်ယောက် ဆန္ဒပြမှုနဲ့ ထောင်ထဲရောက်သွားခဲ့တယ်။ ဖုန်းဆက်ခွင့်ရတော့ သူကပဲ အထဲကနေပြီး သူ့မိန်းမကို အားပေးနေရှာရဲ့။ စိတ်ဓာတ်ကို ခိုင်ခိုင်မာမာထားဖို့အကြောင်း၊ တစ်နေ့ သူပြန်လွတ်လာတဲ့အခါ ပြန်ပြီးရှာဖွေလုပ်ကိုင်ကျွေးမယ်ဆိုတဲ့အကြောင်း စကားတွေနဲ့ နှစ်သိမ့်လို့ နေရှာပါတယ်။
“ပူမနေပါမိန်းမရယ်၊ ဈေးကြီး ရှိနေသရွေ့ ငါတို့ လုပ်စားလို့ ရပါသေးတယ်” တဲ့။
ဟုတ်တာပဲ။ စိတ်ဓာတ်ခိုင်မာပြီး အကောင်းမြင်တတ်သူရယ်လို့ သူ့ကို စိတ်ထဲကနေ ချီးကျူးမိပါတယ်။
နောက်တစ်လလောက်ကြာသွားတဲ့အခါ ဖုန်းဆက်ခွင့်ရပြန်တော့ အဲဒီကောင်လေးဟာ သူ့မိန်းမနဲ့ စကားပြောဖြစ်ပြန်တယ်။ သူ့မိန်းမပြောလို့ သိရတာက သူတို့အားကိုးတဲ့ ဈေးဟာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ မီးလောင်သွားတယ်ဆိုပဲ။
ကျနော့်မှာလည်း အဲဒီကောင်လေးပြန်ပြောပြတဲ့စကားကိုကြားရတော့ သက်ပြင်းကို ခိုးချမိရဲ့။
“လွတ်မြောက်ပြီးတဲ့အခါ ဘဝကို အစကနေ ပြန်စကြရတယ်”။ အကျဉ်းသားတွေကို တစ်ယောက်ပြီးတစ်ယောက် လိုက်ငေးကြည့်နေရင်း ကျနော်ဟာ အဲဒီခေါင်းစဉ်လေးကိုပဲ စိတ်မကောင်းခြင်းကြီးစွာနဲ့ ရေရွတ်မိပြန်ပါတယ်။
ဒီခေါင်းစဉ်က ၂၀၁၆ ခုနှစ်က နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ) က ထုတ်ဝေခဲ့တဲ့ အစီရင်ခံစာရဲ့ ခေါင်းစဉ်ဖြစ်ပါတယ်။ အဲဒီတုန်းက အစီရင်ခံစာမိတ်ဆက်ပွဲကို ကျနော်သွားခဲ့ရပြီး စာအုပ်ကိုလည်း လက်ဆောင်ရခဲ့ပါတယ်။
အထဲမှာပါတဲ့ အချက်အလက်တွေနဲ့ ကောက်နုတ်ကိုးကားပြီး ဖော်ပြထားတဲ့ အဖြစ်အပျက်ဇာတ်လမ်းတွေကတော့ ဝိုးတဝါးပဲ စိတ်အာရုံမှာ ကျန်ရစ်ခဲ့ပါတယ်။ ခေါင်းစဉ်လေးကတော့ လှလွန်းတာမို့ စွဲစွဲမြဲမြဲမှတ်မိနေခဲ့တာပါ။ အဲဒီကာလတွေတုန်းကတော့ မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသားဟာ ထောင်တွေထဲမှာ အနည်းငယ်လောက်ပဲ ရှိတော့တာပါ။ ရာဂဏန်းမျှပါပဲ။
မြန်မာပြည်ကို ကံဆိုးမိုးမှောင်မှုတွေဆီကို ဆွဲခေါ်လိုက်တဲ့ ဦးနေဝင်းရဲ့ ၁၉၆၂ ခုနှစ် အာဏာသိမ်းမှုကနေ နောင်နှစ်ပေါင်း ၅၀ ကျော်ကာလတွေအတွင်း နိုင်ငံရေးအကျဉ်းသားပေါင်း ခုနစ်ထောင်ကနေ တစ်သောင်းဝန်းအကြား ရှိမယ်လို့ ဆိုပါတယ်။
အဲဒီလူတွေဟာ မတရားစွာ စီရင်အမိန့်ချခံရ၊ ရက်စက်တဲ့နည်းမျိုးစုံနဲ့ နှိပ်စက်ညှဉ်းပန်းခံရ၊ ကြမ်းတမ်းတဲ့အလုပ်တွေကို လုပ်ကြရ၊ မဝရေစာကို စားရ ဖြစ်ခဲ့ကြရပါတယ်။ တချို့က စစ်ကြောရေးမှာ သတ်ဖြတ်ခံလိုက်ရသလို တချို့ကျလည်း အကျဉ်းထောင်ထဲမှာ သင့်လျော်တဲ့ကျန်းမာရေးစောင့်ရှောက်မှုမရလို့ သေဆုံးသွားတာ၊ တချို့ကကျ အလုပ်ကြမ်းစခန်းတွေမှာ ပင်ပန်းဆင်းရဲပြီး သေဆုံးသွားကြရပါတယ်။
တချို့တွေကျတော့လည်း ပြစ်ဒဏ်စေ့အောင် နေခဲ့ကြရသလို တချို့ဆို ပြစ်ဒဏ်စေ့တာတောင်မှ လွှတ်မပေးသေးဘဲ ဆက်ထားခဲ့တာတွေလည်း ရှိတာပါပဲ။
ဦးသိန်းစိန်အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးတွေနဲ့အတူ ထောင်နဲ့ချီတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးခဲ့ပါတယ်။ ဒီကိစ္စဟာ အတော်ပဲ စိတ်ချမ်းမြေ့ဖို့ကောင်းတဲ့ ကိစ္စပါပဲ။
ဒါပေမဲ့လည်း လွှတ်ပေးလိုက်ရုံနဲ့ ကိစ္စတွေဟာ ပြီးဆုံးမသွားပါဘူး။ သူတို့မှာ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေခဲ့ကြရတယ်လို့ ဆိုပါတယ်။ ပြည်ပထွက်ခွာခွင့် ပိတ်ခံရတာ၊ ခရီးသွားလာခွင့် ကန့်သတ်ခံရတာ၊ ပညာဆက်လက်သင်ယူခွင့် မရတာ၊ အာဏာပိုင်စိုးသူတို့ရဲ့ ခြိမ်းခြောက်မှုကြောင့် အလုပ်မခန့်ရဲတာနဲ့ ဝင်ငွေစီးပွား ကျပ်တည်းတာ၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကနေ ဖယ်ကြဉ်ခံရတာ၊ တချို့ဆို မိသားစုကတောင်မှ ပြန်ပြီးလက်မခံတော့တာတွေ၊ မိသားစုတွေပြိုကွဲသွားတာမျိုးလည်းတွေလည်း ကြုံကြရပါတယ်။
တပြိုင်နက်တည်းမှာပဲ အကျဉ်းကျခံရစဉ်က ရခဲ့တဲ့ ရုပ်ပိုင်းဆိုင်ရာ ရောဂါတွေ၊ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေ စတဲ့ ကျန်းမာရေးပြဿနာတွေကိုလည်း ရင်ဆိုင်ရပြန်ပါတယ်။ နှိပ်စက်ရိုက်နှက်ခံရလို့၊ အလုပ်ကြမ်းစခန်းမှာမတော်တဆခိုက်မိလို့ စတာတွေကြောင့် ဒုက္ခိတဖြစ်သွားရသူတွေ၊ နှစ်ရှည်လများ ခြောက်လှန့်၊ ညှင်းပန်း၊ တိုက်ပိတ်အမှောင်ချ စတာတွေကြောင့် အသိစိတ်ချို့ယွင်းသွားရသူတွေလည်း ရှိပါတယ်။
ဒီအခြေအနေတွေကနေ ဘဝကို ရုန်းကန်ပြီး ပြန်လည်စတင်လည်ပတ်ကြရတာပါ။ မြောက်အိုင်ယာလန်၊ တောင်အာဖရိက၊ ချက်နဲ့ ချီလီတို့လို နိုင်ငံတွေမှာတော့ ခေတ်ပျက်ကာလအတွင်းက ရက်စက်မှုတွေအတွက် နစ်နာကြေး၊ လျော်ကြေးတွေကို အစိုးရတွေက ပြန်လည်ပေးဆပ်တဲ့အစီအစဉ်တွေ လုပ်ဆောင်ခဲ့တာတွေ ရှိခဲ့ပါတယ်။
လွတ်လပ်ပွင့်လင်းစ၊ ဒီမိုကရေစီမြည်းစမ်းစဖြစ်တဲ့ ပြီးခဲ့တဲ့အစိုးရနှစ်ခုမှာ နိုင်ငံရေးအကျဉ်းသားတွေအပါ် ကူညီစောင့်ရှောက်မှုနဲ့ပတ်သက်လို့ အေအေပီပီလို၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ စုဖွဲ့ထားတဲ့ အဖ်ပီပီအက်လို အဖွဲ့နဲ့ ဦးဝင်းတင်ဖောင်ဒေးရှင်းလို အဖွဲ့တချို့ ရှိခဲ့ပါတယ်။ အစိုးရတွေကလုပ်ဆောင်တဲ့ ကုစားရေးအစီအစဉ်တွေတော့ မရှိခဲ့ပါဘူး။ အခုအခြေအနေမှာတော့ ပြင်ပအဖွဲ့အစည်းတွေဟာလည်း မြန်မာပြည်အတွင်းမှာ မလူးသာမလွန့်သာ ရှိနေရပါတယ်။
ကံဆိုးစွာပဲ မြန်မာနိုင်ငံဟာ ယူအန်စီအေတီလို့ခေါ်တဲ့ ညှဉ်းပန်းနှိပ်စက်မှုဆန့်ကျင်ရေး ကုလသမဂ္ဂ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း မရှိသလို အိုင်စီစီပီအာလို့ခေါ်တဲ့ နိုင်ငံသားနဲ့ နိုင်ငံရေး အခွင့်အရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ်မှာ လက်မှတ်ထိုးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွှတ်တော်က ၂၀၁၉ ခုနှစ်မှာ ဆွေးနွေးတင်ပြခဲ့ပေမဲ့ ကြံ့ခိုင်ရေးနဲ့ စစ်တပ်က ကန့်ကွက်ခဲ့တာကြောင့် မအောင်မြင်ခဲ့ပါဘူး။
အခု ၂၀၂၁ ခုနှစ် အာဏာမသိမ်းပြီး နှစ်နှစ်ခွဲကာလအတွင်းမှာ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ နိုင်ငံရေးအကျဉ်းသားဟာ နှစ်သောင်းခွဲဝန်းကျင် ရှိပါပြီလို့ သိရပါတယ်။ အသတ်ခံရသူ၊ သေဆုံးသူဟာလည်း လေးထောင်နီးပါးပါပဲ။
အရင်ခေတ်ကာလတွေတုန်းက နိုင်ငံရေးအကျဉ်းသားဟာ ပျမ်းမျှအားဖြင့်တော့ တစ်နှစ်ကို ၂၀၀ ဝန်းကျင်ပဲ ရှိတာပါ။ ဒါတောင် အဲဒီတုန်းကအခြေအနေမှာ မနည်းလှတဲ့ ပမာဏဖြစ်ပါတယ်။ အခုတော့ တစ်နှစ်ကို တစ်သောင်းဝန်းကျင်ဆိုတော့ အဆပေါင်း ၅၀ မြင့်တက်လာတာပါ။
ဘယ်လောက်တောင် ဆိုးလိုက်တဲ့ ခေတ်ကာလကြီးပါလဲ။
နိုင်ငံရေးအခြေအနေ အလှုပ်အရမ်းဖြစ်တဲ့အခါ၊ အပြောင်းအလဲဖြစ်တဲ့အခါတွေမှာ နိုင်ငံရေးသမားတွေ ပြန်လည်လွတ်မြောက်လာကြဖို့ မျှော်လင့်ရတာပါပဲ။
အခုအခြေအနေတွေက အရင်နဲ့မတူတာက အခုမှာက နိုင်ငံအနှံ့အပြားမှာ ပရမ်းပတာနဲ့ စုတ်ပြတ်သက်နေအောင် ပျက်စီးနေပါတယ်။ ဖရိုဖရဲနဲ့ ကြေမွနေတဲ့ မြို့တွေ၊ ရွာတွေဆီကို လွတ်လာတဲ့အခါ သူတို့ တွေ့ကြရမှာပါ။ တချို့အကျဉ်းသားတွေဟာ နေစရာအိမ်တွေ မီးရှို့ခံလိုက်သလို မိသားစုတွေကလည်း သတ်ဖြတ်ခံထားရပါတယ်။ တခြား မိသားစုဝင်တွေတော်တော်များများကလည်း တကွဲတပြားနဲ့ လွင့်စင်နေကြပြန်ရဲ့။
ညတုန်းကပဲ နိုင်ငံရေးအကျဉ်းသားဟောင်းကြီးတစ်ယောက်နဲ့ ကျနော် စကားလက်ဆုံကျမိပါတယ်။
စာတော်ပြီး အဆင့်မြင့်တက္ကသိုလ်ရဲ့ ကျောင်းသားတစ်ယောက်၊ နိုင်ငံရေးကြောင့် နှစ်များစွာ ထောင်ကျသွားခဲ့ပြီး ပြန်လွတ်လာတော့ ခေတ်ကို လိုက်မီအောင် ကွန်ပျူတာသင်တန်းကို ခဲခဲယဉ်းယဉ်းတက်၊ ပြီးတဲ့အခါ ကွန်ပျူတာအစုတ်ကလေးတစ်လုံးနဲ့ လမ်းဘေးမှာ စာစီစာရိုက် အလုပ်ကိုလုပ်ကိုင်ရင်း ကျောင်းပြန်တက်နိုင်ဖို့ နောက်ထပ်နှစ်များစွာ အချိန်ယူခဲ့ရတဲ့ဘဝတစ်ခုအကြောင်း သူက ပြန်ပြောပြနေပါတယ်။
ဒီလိုဘဝတွေ၊ အခြေအနေတွေကို ပြန်လည်တည်ဆောက်ဖို့ဟာ ဘယ်လောက်တောင် ခက်ပါလိမ့်မလဲ။
ကျနော် တွေးကြည့်နေမိပါတယ်။
ဒါနဲ့ပဲ သူတို့တွေအကြောင်း နောက်တစ်ကြိမ် ပြန်ဖတ်ဖို့ ဂူးဂဲမှာ စကားလုံးတချို့ကို ကျနော် ရိုက်နှိပ်မိလိုက်ပါတယ်။
“လွတ်မြောက်ပြီးတဲ့အခါ ဘဝကို အစကနေ ပြန်စကြရတယ်”။
ငြိမ့်လွင့်
The Tanintharyi Times