တနင်္သာရီမြို့နယ်ရဲ့ အဓိကဝင်ပေါက်ဖြစ်တဲ့ ဇဝဲ စစ်ဆေးရေးဂိတ်ကနေ ဆန်၊ ဆီ၊ ဆေးဝါး သယ်ခွင့်ကန့်သတ်
တနင်္သာရီမြို့နယ်ရဲ့ အဓိကဝင်ပေါက်ဖြစ်တဲ့ ဇဝဲ စစ်ဆေးရေးဂိတ်ကနေ ဆန်၊ ဆီ၊ ဆေးဝါး သယ်ခွင့်ကန့်သတ်
တနင်္သာရီမြို့နယ်ထဲက ဇဝဲရွာမှာ အခြေစိုက်ပြီး စစ်ဆေးရေးဂိတ်ဖွင့်ထားတဲ့ စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာတဲ့ ကားတွေကို ပစ္စည်းသယ်ယူခွင့် ကန့်သတ်၊ ပိတ်ပင်လိုက်တယ်လို့ ကားသမားတွေနဲ့ ဒေသခံတွေက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
စစ်ဆေးရေးဂိတ်ရှိတဲ့ ဇဝဲလမ်းဆုံဟာ မြိတ်မြို့ဘက်ကနေ တနင်္သာရီမြို့နယ်ဘက်ကို သွားရင် မဖြစ်မနေဖြတ်ကျော်ရတဲ့လမ်းဆုံဖြစ်ပြီး တကူကျေးရွာအုပ်စုဘက်ကိုလည်း အဆိုပါလမ်းဆုံကိုဖြတ်ပြီးမှ သွားလို့ရတဲ့ လမ်းသုံးခွဆုံမှတ်နေရာဖြစ်ပါတယ်။
သြဂုတ်လ ၁၉ ရက်ကစပြီး ဆန်၊ လောင်စာဆီနဲ့ ဆေးဝါးသယ်ယူခွင့်ကို အဓိကကန့်သတ်လိုက်တာဖြစ်တယ်လို့သိရပါတယ်။
“အရင်ကဆိုဘာမတင်ရ၊ ညာမတင်ရဆိုတာတွေမရှိဘူး။ ဂိတ်ကိုကြေးပြား(ပိုက်ဆံ)ပေးပြီးဖြတ်လို့ရသေးတယ်။ အခုကမရတော့ဘူး။ ဘာကြောင့်လဲတော့ မသိဘူး” လို့ ကားသမားတစ်ဦးက ပြောပါတယ်။
အခုလ ၁၉ ရက်၊ ပြီးခဲ့တဲ့ စနေနေ့ကစတင်ကာ ပိတ်ပင်လိုက်တာဖြစ်ပြီး ဘယ်အချိန်ထိပိတ်မယ် ဆိုတာမျိုးအတိအကျကြေညာထားတာမရှိသေးပါဘူး။ ဒီအတွက် ရက်ကြာလာတာနဲ့အမျှ တနင်္သာရီတမြို့နယ်လုံးက လောင်စာဆီ၊ ဆန်၊ ဆေးဝါး စျေးနှုန်းတွေထိုးတက်လာတာ၊ လုံလောက်မှုမရှိတာမျိုးတွေ ကြုံလာရနိုင်တယ်လို့ ဒေသခံတွေက စိုးရိမ်လာကြပါတယ်။
ဇဝဲဂိတ်ရဲ့အခြေအနေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကတော့ “ဂိတ်မှာတပ်ရင်မှူး(ခမရ-၅၅၆) ကိုယ်တိုင် ထိုင်နေတယ်လို့ သိရပါတယ်။ လောလောဆယ်တော့ ပစ္စည်းတွေ ဆွဲချခဲ့တာ၊ ဘာညာတော့မကြားရသေးဘူး။ အားလုံးကို သတိပေးနေတဲ့အဆင့်လို့ပဲပြောရမယ်” လို့ ဆိုပါတယ်။
အဲဒီဂိတ်မှာ ဇဝဲရွာအခြေစိုက် ခမရ(၅၅၆)တပ်ရင်းက စစ်ကောင်စီတပ်သားတွေ ဂိတ်ချစစ်ဆေးနေတာဖြစ်ပြီး လမ်းသွားလမ်းလာတွေကို ပုံမှန်စစ်ဆေးတာမျိုးမဟုတ်ဘဲ စစ်ချင်တဲ့ အချိန်စစ်လေ့ရှိတယ်လို့ သိရပါတယ်။ တနင်္သာရီမြို့နယ်ထဲမှာ စစ်ရေး တင်းမာနေပြီး တိုက်ပွဲဖြစ်နေတဲ့အချိန်တွေမှာ အဲ့ဒီစစ်ဆေးရေးဂိတ်ကို ပိတ်ချလေ့ရှိပါတယ်။
မြိတ်မြို့ဘက်ကနေလာရင် တနင်္သာရီမြို့နယ်ရဲ့ အဓိကဝင်ပေါက်ဖြစ်တဲ့ ဇဝဲလမ်းဆုံကို စစ်ကောင်စီတပ်က အခုလိုကန့်သတ်လိုက်တဲ့တချိန်တည်းမှာပဲ မြန်မာ-ထိုင်းနယ်စပ်ဖြစ်တဲ့ တနင်္သာရီ-မောတောင်လမ်းပိုင်းမှာလည်း စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်နေပါတယ်။
အခုလ ဒုတိယအပတ်ထဲမှာ တနင်္သာရီမြို့နယ်ထဲက တမုတ်ချုံးကျေးရွာအုပ်စု၊ အရှေ့မော်တုံးကျေးရွာအုပ်စု၊ မြို့ပေါ်ရပ်ကွက်တချို့နဲ့ ထုံခါ-မောတောင်လမ်းပိုင်းမှာ စစ်ကောင်စီတပ်သားတွေ စစ်ရေးလှုပ်ရှားမှုတွေရှိနေတယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေဆီကနေ သိရပါတယ်။
ထားဝယ်မြို့နယ်၊ အရှေ့တောဒေသကိုလည်း စစ်ကောင်စီက ပြီးခဲ့တဲ့အပတ်ကစပြီး ဆန်နဲ့ဆေးဝါးသယ်ယူခွင့်ကို ကန့်သတ်ထားပါတယ်။
The Tanintharyi Times
