ငွေကြေးဖောင်းပွမှုနဲ့အတူ မြင့်မားလာတဲ့ လှေအသုံးစရိတ်တွေကြောင့် မြိတ်က ငါးဖမ်းလှေတချို့ ရပ်နားထားရ
ငွေကြေးဖောင်းပွမှုနဲ့အတူ မြင့်မားလာတဲ့ လှေအသုံးစရိတ်တွေကြောင့် မြိတ်က ငါးဖမ်းလှေတချို့ ရပ်နားထားရ
မြိတ်မြို့မှာရှိတဲ့ ငါးဖမ်းလှေတွေရဲ့အသုံးစရိတ်ဟာ အရင်ကထက် ကုန်ကျစရိတ် နှစ်ဆ ဖြစ်လာတဲ့အတွက် ပင်လယ်ပြင်မထွက်နိုင်ဘဲ ရပ်နားထားရတဲ့ ငါးဖမ်းလှေတွေရှိလာတယ်လို့ ရေလုပ်ငန်းလုပ်တဲ့သူတွေက ပြောပါတယ်။
လောင်စာဆီအတွက် ဒီဇယ်စရိတ်၊ ရေခဲ၊ ဂက်စ်၊ စားစရိတ်၊ ငါးဖမ်းပိုက်စရိတ် အစရှိတဲ့ လှေတစ်စင်းအတွက် ကုန်ကျစရိတ်တွေဟာ ဇွန်လလောက်ကစပြီး မြင့်တက်လာတဲ့အတွက် ငါးရရှိတဲ့ပမာဏနဲ့ လှေစရိတ်က လုပ်ငန်းရှင်တွေအတွက် တွက်ခြေမကိုက်တော့ပါဘူး။
ဇူလိုင်လ အထိ ဒီဇယ်တစ်ပီပါကိုငါးသိန်းကျပ်ဝန်းကျင်သာ ရှိခဲ့ပေမဲ့ အခုလက်ရှိမှာ ဒီဇယ်ဆီ တစ်ပီပါကို ကျပ်ခြောက်သိန်းခွဲနီးပါးနဲ့ပေးဝယ်နေရပါတယ်။ တက်ဈေးနဲ့ဝယ်ချင်ရင်တောင် ဈေးကွက်မှာ လက်ကျန်ဆီ အနည်းငယ်ပဲရှိတော့တယ်လို့ ဒီဇယ်ဆီ အရောင်းဆိုင်တစ်ဆိုင်က ပြောပြပါတယ်။
ရေလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက “လှေတစ်စီးထွက်ဖို့ဆိုရင် အနည်းဆုံး သိန်း ၅၀၀ အထက်မှာရှိတယ်။ ၁၀ လပိုင်းလောက်မှ ဆီစရိတ်တွေကြည့်ပြီး ပြန်ထွက်ဖြစ်လောက်မယ်။အခုက ရတဲ့ငါးစရိတ်နဲ့ လှေအသုံးစရိတ်က ဘယ်လိုမှ မကိုက်လို့ နားထားကြရတာ။” လို့ ပြောပါတယ်။
ကျပ်သိန်း ၅၀၀ ရင်းတဲ့ လှေတစင်းဟာ ငါးဖမ်းပြီးချိန်မှာ ဘယ်လိုအခြေအနေ ဖြစ်ဖြစ် ကျပ်သိန်း ၁၀၀၊ ၁၅၀ လောက်ကတော့ လုပ်ငန်းရှင်တွေအတွက် အမြတ်ပြန်ရတတ်တယ်လို့ သိရပါတယ်။
အခုလက်ရှိ ကုန်ဈေးနှုန်းတွေနဲ့ကတော့ လုပ်ငန်းရှင်တွေဟာ အမြတ်မကျန်တဲ့အပြင် လှေစရိတ်အရင်းရှုံးတာတွေပါ ကြုံလာကြရပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါ ရိုက်ခတ်မှုကြောင့်လည်း ထိုင်းကိုတင်ပို့နေတဲ့ ငါးစျေးကွက်ဟာ ထိန်းချုပ်ခံထားရဆဲဖြစ်ပြီး ထိုင်းငွေဘတ်စျေးကလည်း ထိန်းမရဖြစ်နေတဲ့အတွက် ငါးစျေးမရှိဖြစ်နေတယ်လို့ ရေလုပ်ငန်းရှင်ကဆက်ပြောပြပါတယ်။
ဈေးကွက်မငြိမ်တဲ့အခြေအနေမှာ ငါးရရှိမှု နည်းနေတဲ့ ပြဿနာကိုလည်း ငါးဖမ်းလှေသမားတွေ ကြုံနေရပါသေးတယ်။
မြိတ်က ရေလုပ်ငန်းရှင်နောက်တစ်ယောက်ကတော့ ” ငါးမွေးရာသီမှာ မွေးထားတဲ့ငါးတွေက ကြီးတောင်မကြီးသေးဘူး။ ကမ်းနီးက ပိုက်လှေတွေလိုလို ဝါလတ်ငယ်လေးတွေကလိုက်ဖမ်းနေတော့ ငါးမွေးရာသီနားထားလည်း ဘာမှမထူးဘူး။ အဲလှေငယ်လေးတွေကို ဖမ်းတဲ့သူမရှိတော့ပိုဆိုးနေတာပေါ့ ” လို့ ပြောပါတယ်။
မြိတ်က ရေလုပ်ငန်းမှာ ထူးထူးတိုး၊ မောင်ယု၊ သီတာ၊ ဦးလှသန်း အစရှိတဲ့ ငါးဖမ်းလှေအုပ်စုပေါင်းများစွာရှိပြီး ထိုအုပ်စုတွေမှာ ပါဝင်နေတဲ့ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းလှေ အရေအတွက်ဟာ စုစုပေါင်း ၂,၃၀၀ ကျော် ရှိတယ်လို့ ရေလုပ်ငန်းလုပ်ကိုင်နေတဲ့သူတစ်ဦးထံက သိရပါတယ်။
မြန်မာ့ရေထွက်ကုန်ကဏ္ဍဟာ တိုင်းပြည်ရဲ့ နိုင်ငံခြားဝင်ငွေရရှိစေတဲ့ စတုတ္ထအကြီးဆုံး အရင်းအမြစ်တစ်ခုဖြစ်ပါတယ်။
The Tanintharyi Times
