ရုရှားက မြန်မာနိုင်ငံမှာ ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့တူးဖော်ရေးရင်းနှီးမြှုပ်နှံမှုစာချုပ်တွေ လက်မှတ်ထိုး

ရုရှားက မြန်မာနိုင်ငံမှာ ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့တူးဖော်ရေးရင်းနှီးမြှုပ်နှံမှုစာချုပ်တွေ လက်မှတ်ထိုး

ဓာတ်ပုံ - DICA (စစ်ကောင်စီ နဲ့ ရုရှားတို့ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ က ထားဝယ်ရေနက်ဆိပ်ကမ်းအတွက် MOU လက်မှတ်ရေးထိုးစဉ်)

ရုရှား အစိုးရက မြန်မာနိုင်ငံမှာ ကမ်းလွန် ရေနံနဲ့ သဘာဝဓာတ်ငွေ့တူးဖော်ရေရင်းနှီးမြှုပ်နှံမှုတွေလုပ်ဆောင်ဖို့ မြန်မာစစ်ကောင်စီနဲ့ စာချုပ်တွေ လက်မှတ်ရေးထိုးခဲ့တယ်လို့ ရိုက်တာ သတင်းကဖော်ပြပါတယ်။

မြန်မာ့ကမ်းလွန်မှာ ရုရှား အစိုးရ ရေနံနဲ့ သဘာဝဓာတ်ငွေ့တူးဖော်ရေရင်းနှီးမြှုပ်နှံမှုစာချုပ်တွေကို ဇွန်လ ၂၀ ရက်နေ့က ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့မှာ ရုရှားစီးပွားရေးဝန်ကြီး မက်စ်ဆင် ရက်ရှက်နီကော့ဗ် နဲ့ စစ်ကောင်စီ ဝန်ကြီး ဒေါက်တာကံဇော်တို့ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အရှေ့တောင်အာရှဒေသတွင်းမှာ ရုရှားစွမ်းအင် ကုမ္ပဏီတွေအတွက် အခွင့်အလမ်းအများ အပြားရှိတဲ့ ဒေသတစ်ခုအဖြစ်ရှုမြင်ကြောင်း ရုရှားစီးပွားရေးဝန်ကြီး မက်စ်ဆင် ရက်ရှက်နီကော့ဗ် ကပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဝန်ကြီးဒေါက်တာကံဇော်ကလည်း မြန်မာနိုင်ငံအနေနဲ့ ရုရှား စွမ်းအင်ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး ကမ်းလွန်ရေနံနှင့်သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းတွေစတင်ဖို့ အသင့်ဖြစ်နေပြီလို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ရုရှားစီးပွားရေးဝန်ကြီး မက်စ်ဆင် ရက်ရှက်နီကော့ဗ်က ရေနံနဲ့ သဘာဝဓာတ်ငွေ့တူးဖော် ရေရင်းနှီးမြှုပ်နှံမှုစာချုပ်တွေ သဘောတူလက်မှတ်ထိုးနိုင်တာကြောင့် ထားဝယ် အထူးစီးပွားရေးဇုန် မှာ သဘောတူထားတဲ့ ၆၆၀ မဂ္ဂါဝပ်ရှိ ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်ရေး အတွက် အရှိန်မြင့်ကူညီပေးမှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။

ဒီသဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့တာကြောင့် ရုရှား နဲ့ မြန်မာအစိုးရအကြားပူးပေါင်းဆောင်ရွက်ဖို့ ရှိနေတဲ့ သယ်ယူပို့ဆောင်ရေးအခြေခံအဆောက်အအုံပူးပေါင်းဆောင်ရွက်မှု၊ သတ္တုတူးဖော်ရေးလုပ်ငန်း နဲ့ ဆက်သွယ်ရေး လုပ်ငန်းတွေပူးပေါင်းဆောင်ရွက်ဖို့ လွယ်ကူသွားစေမှာဖြစ်တယ်လို့ ရုရှားစီးပွားရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ဟာပြီးခဲ့တဲ့ မတ်လမှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံတွင် အသေးစားနျူကလီးယားစက်ရုံတစ်ရုံ တည်ဆောက်ဖို့ ထားဝယ် အထူးစီးပွားရေးဇုန် မှာ ဆိပ်ကမ်းနဲ့ ရေနံချက်စက်ရုံတစ်ရုံ တည်ဆောက်ရေးအတွက် သဘောတူခဲ့တာဖြစ်ပါတယ်။

ကိုးကား – ရိုက်တာ

(ယခုဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times