အပူလွန်ကဲခြင်းနဲ့ အမျိုးသမီးထုအတွက် သတိပြုစရာတွေ
အပူလွန်ကဲခြင်းနဲ့ အမျိုးသမီးထုအတွက် သတိပြုစရာတွေ
ရာသီဥတုပူပြင်းတဲ့အချိန်မှာ အမျိုးသမီးတွေ သတိပြုဖို့လိုတဲ့ အစားအသောက်နဲ့ အနေအထိုင်တွေကို ဒီတပတ်မှာ သီးသန့် ဖော်ပြလိုက်ပါတယ်။
“သတိပြုရမဲ့ အစားအသောက်နဲ့ စားသောက်မှု ပုံစံတွေ”
အမျိုးသမီးအများစုက ရာသီဥတုပူပြင်းတဲ့အချိန်တွေမှာ အစပ်အရသာကိုတောင့်တတတ်ကြပါတယ်။ အစပ်အရသာကို လွန်ကဲစွာ စားသုံးရာမှ တစ်ဆင့် လိပ်ခေါင်းရောဂါ၊ စာအိုကွဲရောဂါတွေ ဖြစ်နိုင်ပါတယ်။
ရာသီလာစဉ်မှာလည်း အစပ်တွေ လွန်ကဲစွာစားရာကနေ ဗိုက်အောင့်၊ ဗိုက်နာဖြစ်တာ၊ သွေးကျန်တာတွေလည်း ဖြစ်ပေါ် ခံစားရနိုင်ပါတယ်။
အပူလွန်ကဲတဲ့ ညတွေမှာ ခံတွင်းခြောက်ခြင်းကိုလည်း ကြုံတွေ့ရတတ်ပါတယ်။ ဒီလိုမဖြစ်အောင် အိပ်ယာမဝင်ခင်မှာ အစပ်လွန်ကဲတဲ့၊ အချဉ်လွန်ကဲတဲ့ အစားတွေ စားသုံးတာကို ရှောင်ကြဉ်ရပါမယ်။
အပူလွန်ကဲချိန်များမှာ ခံတွင်းပျက်ခြင်းကိုလည်း အနည်းနဲ့ အများ ခံစားကြရပါတယ်။
ခံတွင်းပျက်တာသက်သာစေဖို့ ငှက်ပျော်သီးစားပေးတာ၊ ချင်းစားပေးတာ၊ လတ်ဆတ်တဲ့သစ်သီးဖျော်ရည်တွေကို သောက်ပေးတာမျိုးပြုလုပ် ပေးနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ ပူပြင်းတဲ့ အချိန်တွေမှာ မူးဝေ၊ အော့အန်တာသက်သာစေဖို့ ဓာတ်ဆားရည်နဲ့ လိုအပ်တဲ့ ဆေးဝါးတွေကို ဆေးပညာရှင်တွေရဲ့ လမ်းညွှန်မှုတွေအတိုင်း သောက်သုံးသင့်ပါတယ်။
ပူလွန်းတဲ့ အချိန်တွေမှာ တွေ့ရာအစာစားခြင်းကို ရှောင်ကြဉ်ပါ။ မိမိတို့စားသုံးတဲ့ အစာကမသန့်ရှင်းရင် ဝမ်းပျက်ဝမ်းလျှောတာကိုခံစားရနိုင်ပါတယ်။
အပူလွန်ကဲတဲ့ အချိန်တွေမှာ အတက်စာတွေအငန်အရသာကဲတဲ့ အစားအစာတွေ လွန်လွန်မင်းမင်း စားသုံးခြင်းကို ရှောင်ကြဉ်ရပါမယ်။
အပူချိန်လွန်ကဲတဲ့ အချိန်တွေမှာ ရေတွင်း၊ရေကန်တွေ ခမ်းခြောက်ခြင်း၊ ရေရှားခြင်း၊ ရေမသန့်ခြင်းတို့ကို ခံစားရနိင်ပါတယ်။
မိမိတို့သောက်သုံးတဲ့ရေကို မသန့်ဘူးထင်ရင် ကျိုချက်ပြီး သောက်ခြင်းကအကောင်းဆုံးဖြစ်ပါတယ်။
အပူလွန်ကဲချိန်တွေမှာ အရည်များများဝင်အောင်သောက်ပေးဖို့လိုတာကိုလည်း မေ့ထားလို့မဖြစ်ပါဘူး။
“သတိပြုရမဲ့ အဝတ်အစားနဲ့ နေထိုင်မှုပုံစံတွေ”
ရာသီဥတုပူပြင်းချိန်မှာ ခေါင်းမကြာမကြာလျှော်ခြင်းကို ပြုလုပ်တတ်ကြပါတယ်။
ခေါင်းကိုမကြာမကြာလျှော်ခြင်းက ကြီးကြီးမားမားမဖြစ်သော်လည်း ခေါင်းစိုကြီးနဲ့ အိပ်ပျော်သွားတာ၊ အိပ်စက်တာတွေကတော့ လေဖြန်းတာ၊ လေဖြတ်တာတို့ ဖြစ်ပေါ်နိုင်ပါတယ်။
ရာသီဥတုပူပြင်းချိန်မှာ တင်းကြပ်လွန်းတဲ့ အတွင်းခံအင်္ကျီ၊အတွင်းခံဘောင်းဘီတွေဝတ်ဆင်ခြင်းကို ရှောင်ကြဉ်ရပါမယ်။
အထူးသဖြင့် ရာသီလာနေစဉ်အချိန်မှာ လေဝင်လေထွက်ကောင်းတဲ့ ချည်သားဘောင်းဘီတွေကိုသာ ဝတ်ဆင်သင့်ပါတယ်။
အပူလွန်ကဲတဲ့ညတွေမှာ အိပ်စက်ရဖို့အတော်ကြိုးစားယူရတတ်ပါတယ်။
ဒါကြောင့် လေဝင်လေထွက်ကောင်းစေတဲ့ ပြတင်းပေါက်တွေကို ဖွင့်ထားပေးဖို့ လိုပါတယ်။ မိမိတို့အသုံးပြုတဲ့ စောင်၊ခြင်ထောင်တွေကို ချည်သားကိုသာ ရွေးချယ်သင့်ပါတယ်။ရေဓာတ်ခမ်းခြောက်မှုမဖြစ်စေဖို့လည်း အိပ်ယာမဝင်ခင် ရေများများသောက်ပေးဖို့ လိုပါတယ်။
သွေးဆုံးခါနီးအမျိုးသမီးတွေမှာ နေရာကွက်ပြီး ယားယံတာတွေ ဖြစ်ပေါ်တတ်ပါတယ်။ ပူပြင်းတဲ့ အချိန်တွေမှာ ပို၍ပို၍ ယားယံတတ်ပါတယ်။ ဒီလို ယားယံတာတွေ ဖြစ်ပေါ် ရင် အတင်းကုတ်တာမျိုးကို သတိပြုရှောင်ကြဉ်သင့်ပါတယ်။
မိမိတို့အရေပြားကျန်းမာရေးအတွက် နေပူပူအပြင်ထွက်ရင် ထီး၊အင်္ကျီလက်ရှည်တွေ ယူသွားသင့်တာအပြင် နေလောင်ခံကရင်မ်တွေလိမ်းပေးသွားသင့်ပါတယ်။
အပူလွန်ကဲတဲ့ အချိန်တွေမှာ အပူလျှပ်ခြင်းကင်းဝေးစေဖို့ အလို့ငှာ နေပူမှ ပြန်ပြန်လာချင်း ရေခဲရေသောက်ခြင်း၊ ရေချိုးခြင်းတွေကိုရှောင်ကြဉ်ရပါမယ်။
အရိပ်ရပြီး လေဝင်လေထွက်ကောင်းတဲ့ နေရာများမှာသာ နေထိုင်ပါ။ နေ့အပူချိန်မြင့်မားလွန်းတဲ့အတွက် မနက်(၁၁)နာရီနောက်ပိုင်း အပြင်ထွက်ခြင်းကိုလည်း ရှောင်ကြဉ်ရပါမယ်။
အပူလွန်ကဲချိန်မှာ ပင်ပင်ပန်းပန်းလုပ်ရတဲ့အလုပ်လုပ်ခြင်းကို ရှောင်ကြဉ်ရပါမယ်။
နေပူအောက်မှာ အချိန်ကြာကြာအလုပ်လုပ် တာက မိမိတို့ခန္ဓာကိုယ်မှ ရေဓာတ်တွေခြောက်သွေ့ သွားနိုင်ပါတယ်။
အပူလွန်ကဲချိန်မှာ စိတ်နုတဲ့ အမျိုးသမီးတွေအနေနဲ့ စိတ်ဓာတ်ကျဆင်းတာမျိုး ဖြစ်နိုင်ပါတယ်။ စိတ်ဓာတ်ကျဆင်းခြင်းမဖြစ်စေဖို့ တရားထိုင်တာ၊ တရားနာတာ၊ ပုတီးစိပ်တာတွေ ပြုလုပ်ပေးနိုင်ပါတယ်။
အပူလွန်ကဲချိန်တွေမှာ ရေကိုပုံမှန်ချိုးပေးဖို့လိုပါတယ်။ရေချိုးတဲ့ နေရာကိုလည်းသတိပြုရပါမယ်။ရေချိုးတဲ့နေရာက အရိပ်ရတဲ့ နေရာဖြစ်ဖို့လိုပြီး အေးသောရေကိုသာ ချိုးသင့်ပါတယ်။
PKN
(ဆောင်းပါးရှင် PKN ဟာ တိုင်းရင်းဆေးတက္ကသိုလ်က ( B.M.T.M) ဘွဲ့ရ တိုင်းရင်းဆေးဆရာတစ်ဦးဖြစ်ပါတယ်။)
The Tanintharyi Times
