ရေဖြူ၊ ကျခတ္တပင်အင်းရွာကိုစစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီးတစ်ဦး သေဆုံး
ရေဖြူ၊ ကျခတ္တပင်အင်းရွာကိုစစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီးတစ်ဦး သေဆုံး

ရေဖြူမြို့နယ်၊ ကျခတ္တပင်အင်းရွာကို တိုက်ပွဲမရှိဘဲ စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့ညနေပိုင်းက ရွာရဲ့ဘော်လုံးကွင်းထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ချိန် ဘောလုံးကွင်းအနီးမှာရှိတဲ့အိမ်ထဲ လက်နက်ကြီးအစထိမှန်ပြီး အသက် ၅၀ ဝန်းကျင်အရွယ် ဒေါ်ခင်ဝင်း သေဆုံးခဲ့တာပါ။
ဒေါ်ခင်ဝင်း ရဲ့ခေါင်းနဲ့ ပေါင်မှာ ဒဏ်ရာရအပြင်းအထန်ရပြီး သေဆုံးခဲ့တာလို့ ဒေသခံတွေဆီက သိရပါတယ်။
“လူကသုံးလန်လောက်လွှင့်သွားတယ်။ ရေချိုးဖို့လုပ်နေတုန်းဖြစ်တာ ဖြစ်ဖြစ်ချင်းအောက်တပိုင်းလုံးဘာမှလုပ်လို့မရတော့ဘူး။” လို့ ရွာခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ဒဏ်ရာရပြီးတာနဲ့ ထားဝယ်မြို့ပြည်သူ့ဆေးရုံကြီးကို ဆေးကုသဖို့သွားတဲ့လမ်းမှာပဲ သေဆုံးခဲ့ပြီး ဒီကနေ့မနက်မှာတော့ အဲဒီအမျိုးသမီးရဲ့ရုပ်အလောင်းကို သင်္ဂြိုလ်လိုက်ပြီလို့ သိရပါတယ်။
အဲဒီနေ့ညနေပိုင်းမှာ ကျောက်ကညာကျေးရွာအခြေစိုက် အမြောက်တပ် အမတ (၃၀၄) ကနေ ကျခတ္တပင်အင်းရွာထဲကို လက်နက်ကြီးသုံးလုံးပစ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
နှစ်လုံးက ရွာပြင်ကိုကျရောက်ပေါက်ကွဲခဲ့ပြီး တစ်လုံးကတော့ ကျေးရွာစာသင်ကျောင်းအနီးက ဘော်လုံးကွင်းထဲကို ကျရောက်ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည်စထိမှန်ပြီး ထားဝယ်မြို့နယ် ပကာရီရွာက မိသားစုဝင်သုံးဦး ဒဏ်ရာရခဲ့သလို လောင်းလုံးမြို့နယ် မင်းရပ်ရွာက ဝက်ခြံတစ်ခြံပျက်စီးပြီး ဝက်တစ်ကောင်သေဆုံးခဲ့ပါတယ်။
The Tanintharyi Times