လောင်းလုံးမြို့ပေါ်က ဖမ်းဆီးခံရတဲ့ အမျိုးသမီးနဲ့ လူငယ် ၈ ဦး ပြန်လွတ်လာ

လောင်းလုံးမြို့ပေါ်က ဖမ်းဆီးခံရတဲ့ အမျိုးသမီးနဲ့ လူငယ် ၈ ဦး ပြန်လွတ်လာ

လောင်းလုံးမြို့ပေါ်မှာ ပျူစောထီးပစ်သတ်ခံရပြီးနောက် ဖမ်းဆီးခံထားရတဲ့ အမျိုးသမီး ၄ ဦးနဲ့ လူငယ် ၄ ဦးတို့ မနေ့ကပြန်လွတ်လာတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

လောင်းလုံးမြို့ပေါ်က ပျုစောထီးအဖွဲ့ဝင်ဆိုသူ ကိုအောင်ဆန်းဦး အသတ်ခံရပြီး နောက်တနေ့ အခုလ ၁၇ ရက် မနက်ပိုင်းမှာ လောင်းလုံးမြို့ပေါ် (ဂ)နဲ့ (ဃ)ရပ်ကွက်တွေက ဒေါ်သန်းအေး၊ မမိငြိမ်း၊ ဒေါ်အုန်းရွှေ နဲ့ မသန်းသန်းထွေးတို့ကို လောင်းလုံးရဲစခန်းက ဖမ်းဆီးခဲ့ရပါတယ်။

အဲဒီနောက် ၁၈ ရက်နေ့မနက်ပိုင်းမှာလည်း လောင်းလုံးမြို့ပေါ်စျေးထဲကို စက်ဘီးစီးပြီးရောက်လာတဲ့ လူငယ် ၄ ဦးကို စစ်ကောင်စီတပ်သားနဲ့ရဲတွေက ထပ်မံဖမ်းဆီးခဲ့ပါတယ်။

နှစ်ရက်အတွင်းဖမ်းဆီးခံရတဲ့ ၈ ဦးစလုံးကိုတော့ မနေ့ကမနက်ပိုင်းမှာပဲ လောင်းလုံးရဲစခန်းကပြန်လွှတ်လိုက်တာပါ။

“ဖမ်းကတည်းက ဘာမှမဆိုင်တဲ့လူတွေပါပဲ။ စက်ဘီးစီးလာတဲ့ လူငယ်လေးယောက်ဆိုလည်း မသင်္ကာလို့ဆိုတဲ့ပုံနဲ့ဖမ်းခဲ့တာပါ” လောင်းလုံးမြို့ခံတစ်ဦးက ပြောပါတယ်။

စက်ဘီးစီးလူငယ် ၄ ဦးကို ဖမ်းဆီးတဲ့အချိန် စစ်ကောင်စီတပ်သားနဲ့ရဲတွေ ဝိုင်းဝန်းရိုက်နှက်ထိုးကျိတ်ခဲ့ကြတယ်လို့လည်း မြို့ခံကပြန်ပြောပြပါတယ်။

အဲဒီလူငယ်တွေက ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

လောင်းလုံးရဲစခန်းက စစ်ကောင်စီတပ်သားနဲ့ရဲတွေကတော့ အခုရက်ပိုင်း မြို့ပေါ်မှာစစ်ဆေးတာတွေကို ပြန်လည်ပြုလုပ်နေသလို ဒီနေ့မနက်ပိုင်းမှာလည်း လောင်းလုံးမြို့အထွက် ညောင်ပင်လမ်းဆုံမှာ လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

လောင်းလုံးမြို့နယ်ဟာ မြန်မာပြည်တောင်ပိုင်းတစ်ခုလုံးမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထု သပိတ်လှုပ်ရှားမှုအားအကောင်းဆုံးဒေသတစ်ခုလည်းဖြစ်ပါတယ်။

The Tanintharyi Times