တနင်္သာရီမှာ ပြီးခဲ့တဲ့နှစ်ဝက်အတွင်း နေအိမ် ၆၀၀ ခန့် မီးရှို့ခံရ

တနင်္သာရီမှာ ပြီးခဲ့တဲ့နှစ်ဝက်အတွင်း နေအိမ် ၆၀၀ ခန့် မီးရှို့ခံရ

တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့နှစ်ဝက်အတွင်း မီးရှို့ခံရတဲ့ နေအိမ်၊ စာသင်ကျောင်း အပါအဝင် အဆောက်အအုံ စုစုပေါင်းက ၆၀၀ ခန့်ရှိခဲ့ပါတယ်။

မီးရှို့ခံရတာတွေက တနင်္သာရီတိုင်းအတွင်းမှာ ရှိတဲ့ မြို့နယ် ၁၀ ခုထဲမှာမှ မြို့နယ် ၅ ခုမှာ​​ဖြစ်ပွားခဲ့တာပါ။

အဲဒီမြို့နယ်တွေကတော့ လောင်းလုံး၊ ထားဝယ်၊ ပုလော၊ သရက်ချောင်း၊ တနင်္သာရီ မြို့နယ်တွေဖြစ်ပြီး စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၅၉၉ ဆောင်ထက်မနည်း မီးရှို့ခံခဲ့ရတာပဲ ဖြစ်ပါတယ်။

ကျန်ရှိတဲ့ မြိတ်၊ ကော့သောင်း၊ ရေဖြူ၊ ဘုတ်ပြင်းနဲ့ ကျွန်းစု မြို့နယ်တွေကတော့ တိုက်ပွဲဖြစ်ပွားမှုနည်းသလို နေအိမ်မီးရှို့ခံရတဲ့​ဖြစ်စဥ်မျိုးလည်း မရှိခဲ့ပါဘူး။

မီးရှို့ခံရမှုအားလုံးနီးပါးဟာ ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေရဲ့လက်ချက်ဖြစ်ပြီး စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်ချိန်နဲ့ တိုက်ပွဲဖြစ်ပွားပြီးချိန်တွေမှာ မီးရှို့ခံခဲ့ရတာ ဖြစ်ပါတယ်။ စစ်ကြောင်းထိုးတဲ့အချိန် မဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ ရွာထဲကိုဝင်ရောက်ပြီး မီးရှို့တာမျိုးကိုလည်း စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေကပြုလုပ်ခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိပါတယ်။

မီးရှို့ခံရမှု ဖြစ်စဉ်အများဆုံးကတော့ ဖေဖော်ဝါရီလနဲ့ မတ်လတွေမှာဖြစ်ပြီး ကျန်တဲ့ ဇန်နဝါရီလမှာ ၃၅ ဆောင်၊ ဧပြီလမှာ ၉ ဆောင်၊ မေလမှာ ၁၅ ဆောင်နဲ့ ဇွန်လမှာ ၁၈ ဆောင်ထက်မနည်း မီးရှို့ခံခဲ့ရပါတယ်။

ဖေဖော်ဝါရီလမှာတော့ စာသင်ကျောင်း ၂ ဆောင်၊ ဘုန်းကြီးကျောင်းတစ်ဆောင်အပါအဝင် နေအိမ်စုစုပေါင်း ၃၂၈ ဆောင်ထက်မနည်း မီးရှို့ခံခဲ့ရပါတယ်။ အဲဒီထဲက နေအိမ် ၃၀၀ ကျော်ဟာ ပုလောမြို့နယ်က တို၊ ပိတပ်၊ မြဒေါင်နဲ့ ကဒဲရွာတွေက ဖြစ်ပါတယ်။

မတ်လမှာတော့ နေအိမ် ၁၉၄ ဆောင်ထက်မနည်း မီးရှို့ခံခဲ့ရပြီး အများစုဟာ လောင်းလုံးမြို့နယ်၊ ညောပြင်ရွာနဲ့ အောက်ကျောက်ဝပ်ရွာတွေကဖြစ်ပါတယ်။

နေအိမ်မီးရှို့တာအပြင်၊ ဥယျာ်ခြံတွေ၊ မော်တော်ယာဥ်တွေ၊ စားနပ်ရိက္ခာတွေနဲ့ အိမ်သုံးပစ္စည်းတွေကိုမီးရှို့တာမျိုးကိုလည်း စစ်ကောင်စီတပ်က အများအပြားပြုလုပ်ခဲ့ပါတယ်။

ဖော်ပြပါအချက်အလက်တွေဟာ ဒေသခံတွေရဲ့ပြောပြချက်နဲ့ တနင်္သာရီတိုင်းမ်ကလက်လှမ်းမှီသလောက်ကောက်ယူထားတဲ့ အချက်အလက်တွေဖြစ်တာကြောင့် မြေပြင်မှာဒီထက်ပိုများနိုင်ပါတယ်။

အဲဲဒီအချက်အလက်တွေထဲမှာ မီးရှို့ခံရတာမဟုတ်ဘဲ တခြားအကြောင်းအရာတွေကြောင့် မီးလောင်ကျွမ်းခဲ့တဲ့ နေအိမ်နဲ့ အဆောက်အဦအရေအတွက်ကိုတော့ ထည့်သွင်းမတွက်ချက်ထားပါဘူး။

မီးရှို့ခံရမှုအပြင် လက်နက်ကြီးကျရောက်လို့ ပျက်စီးခဲ့တဲ့ နေအိမ်၊ အဆောက်အဦတွေနဲ့ ရိုက်နှက်ဖျက်ဆီးလို့ ပျက်စီးခဲ့တဲ့နေအိမ်၊ အဆောက်အဦတွေလည်း အများအပြားရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နောက်ဆုံးသုံးလမှာလည်း နေအိမ် ၈၀ ထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။