အချုပ်ရည်းစား
အချုပ်ရည်းစား
သူ့အနေနဲ့ အချုပ်ထဲမှာ အနေကျပ်၊ အထိုင်ကျပ်၊ အာရုံတွေလည်း ကျပ်တည်းလိုက်တာလို့ ခံစားနေမိပေမဲ့ ဒီအထဲမှာပဲ ပျော်စရာရှာတွေ့နေကြတဲ့တွေကလည်း တစ်ပုံတပင်ပါပဲ။
အချုပ်ခန်းထဲက ဘဝတွေဟာ ဘယ်လိုပျော်စရာရှိနိုင်မလဲဆိုတာကို အပြင်မှာတုန်းက တွေးကြည့်လို့တောင် မရခဲ့ပါဘူး။ မိုးလင်းလာရင် အိပ်ရာထ၊ သူတို့ကျွေးတဲ့ ထမင်းစား၊ ပြီးရင် အိပ်၊ ကျောပူလာရင် ထထိုင်၊ ခါးညောင်းလာရင် လမ်းလျှောက်၊ စာဖတ်ဝါသနာပါသူက စာအုပ်ဖတ်၊ တရားကြိုက်သူက တရားထိုင်၊ မိုးချုပ်လာတော့ အိပ်ရာဝင်၊ ဒီလိုနဲ့ ပျင်းရိဖွယ် နေ့တွေ လည်ပတ်နေကြလိမ့်မယ်လို့ ထင်နေခဲ့တာ။
တကယ်တော့ လူဟာ ပျော်စရာမရှိရင် နေလို့ ထိုင်လို့ မရ၊ အသက်ဆက်ရှင်ဖို့တောင် ခက်သွားနိုင်တယ်လို့ အချုပ်ခန်းထဲကို ရောက်ပြီး နေ့တချို့ကြာလာတဲ့အခါ သူ နားလည်လာခဲ့ပါတယ်။ ပျော်ပုံပျော်နည်းကတော့ တစ်ယောက်နဲ့ တစ်ယောက် ဘယ်တူကြမလဲ။ ကိုယ်လက်ကိုင်ထားတဲ့ အဆုံးအမတွေ၊ ဝါဒတွေကိုလိုက်လို့ ကွာခြားကြတာပေါ့။
နံရံရဲ့ တစ်ဖက်ကပ်လျက်မှာ အမျိုးသမီးအချုပ်ခန်း ရှိပါတယ်။ သိရသလောက် အမျိုးသမီးအခန်းက ခပ်ကျဉ်းကျဉ်းရယ်ပါ။ အလျား ၁၅ ပေ၊ အနံ ၁၀ ပေလောက်ပဲ ရှိပါလိမ့်မယ်။ အမျိုးသားအခန်းထက်စာရင် သုံးပုံတစ်ပုံလောက်ပဲ ရှိပါတယ်။
ဒီအတွက် သူ စိတ်မကောင်း ဖြစ်မိပါသေးရဲ့။ အခန်းကျဉ်းလေးထဲမှာ နေ့ပေါင်းများစွာ။ မွန်းကြပ်လိုက်ပါဘိ။ အချုပ်ဆိုတဲ့အတိုင်း အမျိုးသားအခန်းဟာလည်း သိပ်ပြီးကျယ်လှတယ်မဟုတ်ပေမဲ့ ခြေလှမ်း ၂၀၊ အစိတ်လောက်တော့ လမ်းလျှောက်နိုင်ပါတယ်။
အကျဉ်းကျနေချိန်မှာ လမ်းလျှောက်ခြင်းဟာ အတော့်ကို အရေးပါတဲ့ ကျန်းမာရေးကိစ္စတစ်ခုပါပဲ။ လမ်းလျှောက်နေခြင်းအားဖြင့် စိတ်တွေကို ပိုပြီး တည်ငြိမ်စေနိုင်သလို အကြောတွေ၊ ကြွက်သားတွေ ပျော့ချည့်မသွားစေ၊ သေမသွားစေဖို့အတွက်လည်း ကာကွယ်နိုင်ပါတယ်။ အဲသလိုမျိုး စိတ်ပိုင်းရော၊ ရုပ်ပိုင်းရော အကျိုးဖြစ်စေတာပါ။ ဘာဖြစ်လို့ အမျိုးသမီးတွေကို ပိုကျဉ်းတဲ့အခန်းမှာ ထားရတာလဲ။
အဖြေက လွယ်ပါတယ်။ လူဦးရေ နည်းလို့ပါ။
လူဦးရေအချိုးအစားနဲ့ ကြည့်ရင် နိုင်ငံတိုင်းအားလုံးလိုလိုမှာ အမျိုးသမီးဦးရေက အမျိုးသားထက် ပိုများတာကို တွေ့ရပါလိမ့်မယ်။ ဒါပေမဲ့ အကျဉ်းထောင်တွေ၊ အချုပ်ခန်းတွေမှာကတော့ အမျိုးသမီးဦးရေဟာ သူ တွက်ကြည့်မိသလောက် ဆယ်ပုံတစ်ပုံဝန်းကျင်ပဲ ရှိနေပါတယ်။ အနီးစပ်ဆုံးဥပမာအဖြစ် သူတို့ အချုပ်ကို ကြည့်နိုင်ပါလိမ့်မယ်။ အမျိုးသား ၁၀၀ ကျော်ရှိနေချိန်မှာ အမျိုးသမီးက ၁၀ ယောက်ဝန်းကျင်ပါပဲ။ ဒီအတွက်တော့ အမျိုးသမီးတွေဟာ ဂုဏ်ယူနိုင်ပါတယ်။ ဘာဖြစ်လို့ ရာဇဝတ်မှုကျူးလွန်သူကြသူတွေဟာ အမျိုးသားတွေက သိပ်ကိုများတဲ့ အများစု ဖြစ်နေတာလဲဆိုတာကတော့ သူ အဖြေမထုတ်ချင်ပါဘူး။
ပစ္စည်းလု၊ လူသတ်မှုနဲ့ အထဲရောက်လာတဲ့ ကောင်လေးတစ်ယောက်ဟာ သူ့ညာဘက်လက်မောင်းပေါ်မှာ မိန်းကလေးနာမည်တစ်ခုကို တက်တူးထိုးထားပါတယ်။ “စန်းစန်း’ တဲ့။ စန်းစန်းဆိုတာ သူ့ဇနီးရဲ့ နာမည်ပါ။ ဒါက သူ့ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ နာမည်တွေထဲက တစ်ခုပါ။ ရင်ဘက်မှာလည်း နောက်ထပ်နာမည်တစ်ခု။ ‘နှင်းနု’ တဲ့။ ဒါကတော့ သူ ငယ်ငယ်က ကြိုက်ခဲ့တဲ့ ကောင်မလေးတစ်ယောက်။ လက်ဖျံပေါ်မှာလည်း နောက်တစ်ခု။ ‘ဝေ’ တဲ့။ နာမည်မဟုတ်ပေမဲ့ တခြားတက်တူးတွေလည်း လက်ဖမိုးတွေ၊ ခြေထောက်တွေပေါ်မှာ ရှိနေပါသေးတယ်။ ရင်ဘက်ပေါ်က နှင်းနုတစ်လုံးကသာ အပြင်မှာကတည်းက ထိုးထားတဲ့ တက်တူးဖြစ်ပြီး ကျန်တာတွေက အထဲရောက်မှ ထိုးထားတာ ဖြစ်ပါတယ်။
အထဲမှာ တက်တူးထိုးလို့ ရနေပါတယ်။ ပန်းချီပညာအခြေခံလောက်ကိုလည်း မသိ၊ တက်တူးပညာကိုလည်း မသိကြသလို ရတဲ့ပစ္စည်းနဲ့ ဖြစ်သလို ထိုးကြရတာဆိုတော့ စာလုံးတွေ၊ အရုပ်တွေဟာ မလှမပတွေချည်းပါပဲ။ ကြောင်တောင်တောင်၊ ကောက်ကောက်ကွေ့ကွေ့၊ မည်းမည်းတူးတူး။
“မင်း နာမည်လေး တက်တူးထိုးထားတယ်” လို့ ပြောလိုက်တဲ့အခါ တစ်ဖက်ခန်းက မိန်းကလေးဟာလည်း ပီတိတွေ တသိမ့်သိမ့်ဖြာသွားမလားဆိုတာတော့ လူကို မြင်မနေရလို့ မပြောတတ်ပါဘူး။ ကိုယ်ကိုယ့်ကိုယ် အကျဉ်းကျနေတယ်ဆိုတာကိုတော့ ခေတ္တလောက်ဖြစ်ဖြစ် မေ့သွားလိမ့်မယ်လို့တော့ သူ တွေးကြည့်မိပါတယ်။
ဝေဆိုတာကတော့ တစ်ဖက်အချုပ်ခန်းထဲက အမျိုးသမီးအချုပ်သူတစ်ယောက်ရဲ့ နာမည်ပါ။ အဲဒီအမျိုးသမီးကလည်း လူသတ်မှုနဲ့ အဖမ်းခံထားရသူလို့ သိရပါတယ်။ အထဲကိုရောက်ခါမှ သူတို့နှစ်ဦးဟာ ရည်းစားဖြစ်နေကြပါတယ်။ နှစ်ယောက်စလုံးဟာ တောရွာတွေဘက်ကပါပဲ။
သူ့မှာ အဲဒါကိုကြားရတော့ အံ့ဩတကြီး။ ရုပ်ရှင်တွေ၊ ဗီဒီယိုတွေထဲမှာလည်း မကြည့်ဖူးခဲ့။ စာအုပ်တွေထဲမှာလည်း မဖတ်ဖူးခဲ့။ လူပြောသူပြောဇာတ်လမ်းတွေမှာလည်း မကြားဖူးခဲ့။ ဪ…လောကမှာ ဒီလိုမျိုးတွေလည်း ရှိနေပါသေးလား။
ရည်းစားဆိုပေမဲ့ တစ်ယောက်နဲ့ တစ်ယောက်ဟာ မြင်တွေ့ရတာမျိုးလည်း ဟုတ်မနေပါဘူး။ ကိုဗစ်မတိုင်ခင်ကတော့ ရုံးထုတ်တာတွေ ရှိခဲ့တာမို့ အမှုတွဲမတူပေမဲ့ တစ်ခါတစ်ရံမှာ ရုံးထွက်တူတဲ့အခါ မျက်နှာချင်း ဆုံဖူးကြပါလိမ့်မယ်။ ဒီလိုနဲ့ စကားတစ်ခွန်းနှစ်ခွန်း ပြောဖြစ်ဆိုဖြစ်၊ စဖြစ်နောက်ဖြစ်နဲ့ ရင်းနှီးသွားကြပါတယ်။
နောက်ပိုင်း ကိုဗစ်ကြောင့်၊ နိုင်ငံရေးကြောင့် ရုံးမထုတ်တော့ပေမဲ့ မီးတောက်ဟာ ငြိမ်းမသွားဘဲ ပိုကြီးလာခဲ့ကြလေသတဲ့။ အခန်းထဲကနေ နေ့စဉ် စကားအော်ပြောကြရင်း ချစ်ကြောင်းကြိုက်ကြောင်း စကားတွေအထိ ရောက်သွားကြ။
အဲသလိုပြောကြတဲ့အခါ ပြဿနာက အခန်းထဲကလူတွေအကုန်ပါအဝင် အချုပ်ခန်းစောင့်ရဲဝန်ထမ်းတွေလည်း ကြားနေကြတာပါပဲ။ ဒါပေမဲ့ သူတို့မှာက ပြဿနာမဟုတ်သလိုပါပဲ။ သမီးရည်းစားအကြား နှစ်ကိုယ်ကြားပြောရမယ့်စကားတွေကို အသံကုန်ဟစ်ပြီး ပြောကြ။ ဒီလိုမျိုးနဲ့ အချိန်တွေကို သူတို့ ကုန်လေ့ရှိကြပါတယ်။
ဒါဟာ ဘေးကနေ မြင်နေရသူတွေအဖို့ ကြည်နူးစရာကောင်းသလား၊ မကောင်းလား။ သူကတော့ အပြင်မှာ ကျန်ခဲ့တယ်ဆိုတဲ့ အဲဒီကောင်လေးရဲ့ ဇနီးဖြစ်သူကို မြင်ယောင်ကြည့်နေမိပါတယ်။ ပြီးတော့ ဟိုဘက်ခန်းက အမျိုးသမီးဖြစ်သူရဲ့ မိသားစု။ အပြင်မှာကျန်ခဲ့သူတွေကတော့ အထဲကလူတွေအတွက် အမှုကိစ္စတွေနဲ့ လုံးချာလည်နေမှာ အသေအချာပါပဲ။ ရဲက ပိုက်ဆံလာတောင်းလိုက်၊ ရှေ့နေက တောင်းလိုက်၊ ပြစ်ဒဏ်သက်သာအောင် ဘယ်သူ့ကို ဘယ်ကို ချဉ်းကပ်ရမလဲ၊ ဘယ်လို အသနားခံရမလဲဆိုတာတွေနဲ့ သောကတွေ ဝေနေကြပါလိမ့်မယ်။
ဒါပေမဲ့လည်း အထဲကလူတွေရဲ့ မွန်းကြပ်မှုကိုလည်း သူစာနာကြည့်ပါတယ်။ သူ့မှာက စာအုပ်စာပေနဲ့ တရားသဘောတွေကို ဆင်ခြင်မွေ့လျော်နိုင်တာမို့ စိတ်ထွက်ပေါက်ကို ရှာနိုင်ပေမဲ့ တချို့တွေအတွက်တော့ အဲဒါတွေက အလှမ်းဝေးလွန်းပါတယ်။ အပြင်မှာ နေထိုင်ခဲ့ကြရတဲ့ ဘဝအခြေအနေတွေကလည်း ကြမ်းတမ်းဆင်းရဲ။ ပညာရေးကလည်း ငယ်ငယ်ကတည်းက ဝေးခဲ့။ ဒီတော့လည်း မွန်းကြပ်မှုကို ဖြေဖို့ဆိုရင် စိတ်ကို ဖွင့်ထား၊ လွှတ်ထားလိုက်ကြဖို့ သူတို့ ရွေးချယ်လိုက်ကြတာ ဖြစ်မှာပါပဲ။ စိတ်ဆိုတာက အဲဒီလိုကိစ္စမျိုး၊ နယ်ပယ်မျိုးမှာ ပိုပြီး ပျော်တတ်တာမလား။
သူတို့လိုမျိုး ရည်းစားဖြစ်နေတဲ့သူတွေ၊ မဖြစ်သေးပေမဲ့လည်း အပြန်အလှန် စနေ၊ နောက်နေကြသူ တချို့လည်း ရှိနေပါသေးတယ်။ ဒီဘက်က ဖိုသံပေး၊ ဟိုဘက်က မသံပြန်ပေးလုပ်ကြရင်း တွယ်တာသာယာလာကြ။ အချိန်ရှိသမျှ နံရံနားကို ကပ်၊ ခေါင်းတွေကို မော့ပြီး ဟိုဘက်အခန်းက ကြားအောင် အော်ပြောနေတာ၊ ခေါင်းလေးကို စောင်းပြီး နားကို အပေါ်ဘက်လှည့်လို့ တစ်ဖက်က ပြန်ပြောတဲ့စကားကို ကြားအောင် နားစိုက်ထောင်နေတာတွေဟာ သူ ဘယ်တုန်းကမှ တွေးမကြည့်ဖူးတဲ့ ဇာတ်လမ်းမျိုးတွေပါပဲ။
စကားပြောရုံနဲ့ မပြီးသေးပါဘူး။ စာပေးစာယူလည်း လုပ်ကြပါတယ်။ ဗလာစာအုပ်နဲ့ ဘောပင်တွေဟာ သူတို့အတွက် ရည်းစားစာရေးဖို့ အဓိကပါပဲ။ (ဘောပင်ကိုတော့ တချို့က တက်တူးမင်အတွက်လည်း သုံးပါတယ်။)
အချုပ်ခန်းရဲ့ မျက်နှာကြက်ဟာ အလုံပိတ်မဟုတ်ပါဘူး။ နံရံမှာလိုပဲ သစ်သားချောင်းတွေကို လက်တစ်နှိုက်စာလောက် ခြားပြီး ခင်းမိုးထားတာဖြစ်ပါတယ်။ မျက်နှာကြက်ဟာ လူနှစ်ရပ်စာလောက် မြင့်ပါတယ်။ အခန်းထောင့်က အိမ်သာဘောင်ပေါ်ကနေ ကုတ်ခြစ်တွယ်တက်လိုက်ရင် မျက်နှာကြက်ကို လက်လှမ်းမီနိုင်ပါတယ်။ ဗလာစာအုပ်ကို မျက်နှာကြက်အပေါက်ထဲကနေ ထိုးထည့်ပြီး ဟိုဘက်အခန်းထဲကိုချပေးပါတယ်။ ဟိုဘက်ကလည်း အဲဒီလိုနည်းနဲ့ ဒီဘက်ကို ပြန်ပေးပါတယ်။ ဟုတ်နေကြတာပါပဲ။
ရင့်ပြည့်
The Tanintharyi Times
