တုံးဗျောကြီးရွာက စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ဒရုန်းနဲ့ ဗုံးသီးတွေသုံးကာ တိုက်ခိုက်
တုံးဗျောကြီးရွာက စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ဒရုန်းနဲ့ ဗုံးသီးတွေသုံးကာ တိုက်ခိုက်
မြိတ်မြို့နယ်၊ တုံးဗျောကြီးကျေးရွာလမ်းဆုံအနီးမှာ တပ်စွဲအထိုင်ချထားတဲ့ စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
မနေ့ နေ့လည် ၁၂ နာရီလောက်က ဒရုန်းနဲ့ ဗုံးသီး ၁၁ လုံးချကာ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု နာရီဝက်လောက် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
“ဒရုန်းနဲ့အရင်ပစ်တော့ ကတုတ်ကျင်းထဲကကိုမထွက်လာနိုင်ဘူး။ ပြီးမှသေနတ်တွေနဲ့ပစ်ခတ်မှုဖြစ်တယ်။ စစ်ကူတွေလာတယ်လို့ သတင်းရတာနဲ့ ကျနော်တို့ပြန်ဆုတ်လာတယ်။ ” လို့ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ ထုတ်ပြန်ထားတဲ့ ရုပ်သံဖိုင်မှာလည်း စစ်ကောင်စီတပ်စခန်းဝင်းထဲ ဗုံးသီးတွေ ကျရောက် ပေါက်ကွဲနေတာကို မြင်တွေ့ရပြီး၊ တပ်စခန်းထဲက စစ်ကောင်စီတပ်သားတွေ အကာအကွယ်တွေနောက် အပြေးအလွှားပုန်းကွယ်နေတာကိုလည်း တွေ့ရပါတယ်။
တိုက်ပွဲဖြစ်နေတဲ့အချိန်အတွင်း ဇဝဲရွာနဲ့မဇောရွာမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်ရင်းနှစ်ခုကနေ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး တုံးဗျောရွာဘက်ကို တက်လာတယ်လို့ အဆိုပါတာဝန်ခံက ဆက်ပြောပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ၅ ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်ကတော့ ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ဘူးလို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်နေစဉ်အတောအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးပစ်ခတ်တာမျိုးမရှိပေမဲ့ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီးအချိန်မှာတော့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေဆုတ်လမ်းလို့ထင်တဲ့ တုံးဗျောငယ်ရွာနဲ့ လေးမိုင်ဘက်ကို ဒီကနေ့မနက်ထိ လက်နက်ကြီးနဲ့ ပစ်ခတ်နေခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်စခန်းဟာ စစ်အာဏာသိမ်းပြီးနောက်မှ ပေါ်လာတဲ့ စခန်းတစ်ခုဖြစ်ပြီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကလည်း မြိတ်မြို့အခြေစိုက်တပ်ရင်းတွေက ဖြစ်တယ်လို့သိရပါတယ်။
အဆိုပါ စခန်းဟာ ကားလမ်းမကြီးနဲ့သိပ်မဝေးတဲ့နေရမှာရှိပြီး လမ်းမဘေးမှာလည်း စစ်ဆေးရေးတစ်ခုရှိကာ အဲဒီဂိတ်မှာ စစ်ကောင်စီတပ်သားတွေ အမြဲရှိပေမဲ့ လူကြီးလမ်းကြောင်းနဲ့ pdf တွေသွားလာလှုပ်ရှားတယ်လို့သတင်းရတဲ့အခါမျိုးတွေမှာသာ လမ်းသွားလမ်းလာတွေကို စစ်ဆေးလေ့ရှိတယ်လို့ သိရပါတယ်။
အဆိုပါ တပ်စခန်းပစ်ခတ်တိုက်ခိုက်မှုကို မြိတ်ခရိုင်တပ်ရင်း(၂)၊ မြိတ်(ပကဖ)၊ SWDFနဲ့ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
အဆိုပါတပ်စခန်းကို အခုနှစ် ဖေဖော်ဝါရီလကလည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ အလစ်ငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်တစ်လက် သိမ်းဆည်းခဲ့ဖူးပါတယ်။
တုံးဗျောရွာမှာ စစ်ကောင်စီတပ်၊ ပျူစောထီးအဖွဲ့ဝင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေကြား မကြာခဏ တိုက်ပွဲဖြစ်လေ့ရှိပါတယ်။
The Tanintharyi Times
