မျက်နှာကြက်ဆီက မျက်လုံးများ

မျက်နှာကြက်ဆီက မျက်လုံးများ

ညဟာ မှောင်လာခဲ့ပါပြီ။ အပြင်ဘက်ဆီကနေ သံချောင်းခေါက်သံကို ကြားရပါတယ်။

“ဘုရားရှိခိုးရအောင်ဟေ့” လို့ တစ်ယောက်က အော်လိုက်ပါတယ်။

အစပထမမို့ သံချောင်းသံနဲ့ မရင်းနှီးသေးတာကြောင့် ဘယ်နှချက်ခေါက်လိုက်လဲဆိုတာကို သူ ရေတွက်ဖို့ သတိမထားမိလိုက်ဘဲ အသံသက်သက်ကိုပဲ ကြားမိလိုက်ပါတယ်။ အချုပ်ခန်းထဲမှာ နာရီမရှိတာမို့ ဘယ်အချိန်ရှိပြီလဲဆိုတာကို သူ မသိပါဘူး။ အချိန်နာရီကို မသိရဘဲ လူဟာ အသက်ရှင်နေနိုင်ပါသလားလို့ သူ တွေးကြည့်မိလိုက်ပါတယ်။

မိုးလင်းလာရင် အိပ်ရာကနေ ထမယ်၊ မျက်နှာသစ်မယ်၊ ဗိုက်ဆာလာရင် ထမင်းစားမယ်။ အိပ်ချင်လာရင် အိပ်လိုက်မယ်။ ဒါတွေအတွက် ဘယ်နှနာရီရှိပြီလဲဆိုတာကို သိဖို့ လိုပါဦးမလား။ အထူးသဖြင့် ဒီလိုနေရာမျိုးမှာပေါ့။ တစ်စုံတစ်ယောက်နဲ့ ချိန်းချက်ထားတာလည်း မရှိ။ ဒီလိုမျိုး နေ့စဉ်ရက်ဆက် နေတာ ကြာလာတဲ့အခါ လူဟာ ဘယ်လိုဖြစ်သွားနိုင်မလဲ။ တွေးကြည့်ရတာ မှိုင်းမှိုင်းဝေဝေပါပဲ။

ခုနက သံချောင်းသံဟာ အချုပ်သားတွေအတွက် ဘုရားရှိခိုးဖို့ အချက်ပေးသံ ဖြစ်မှာပါပဲလို့လည်း တွေးမိလိုက်ပါတယ်။ တကယ်တော့လည်း ဘုရားရှိခိုးဖို့ရာအတွက် အချက်ပေးတာတော့ ဟုတ်မယ်မထင်ပါဘူး။ ညဘယ်အချိန် ရှိပြီဖြစ်တဲ့အကြောင်း ကင်းတာဝန်ကျ ဝန်ထမ်းက သံချောင်းခေါက်လို့ အသိပေးတာပါ။ သူကသာ မရေထားမိလိုက်လို့။ ဒီအထဲမှာ ရှိနှင့်နေပြီးသားသူတွေကတော့ သိနေကြပါတယ်။ ည ခုနစ်နာရီတဲ့။

အိုက်လို့ဆိုပြီး အင်္ကျီချွတ်ထားသူတွေ၊ ဘောင်းဘီတိုနဲ့ နေသူတွေဟာ အဲဒီတော့မှ ကမန်းကတန်း အင်္ကျီကောက်စွပ်၊ ပုဆိုးကောက်လျှို လုပ်ကြလေရဲ့။ ဘုရားရှိခိုးဖို့ရာ ဘုရားစင်ရှိတဲ့ နံရံဆီကို မျက်နှာမူပြီး စီတန်း ထိုင်ကြပါတယ်။ သူလည်း အဆင်ပြေတဲ့တစ်နေရာကို ဝင်ယူလိုက်ပါတယ်။ အထဲမှာ လူက အပြည့်မို့ ထိုင်ရတာဟာ ကျပ်ကျပ်တည်းတည်းပါပဲ။ ရှေ့အတန်းနဲ့ နောက်ကအတန်းကြားမှာလည်း ရှိခိုးဦးချဖို့တောင် မလွတ်မလပ် ရှိနေပါတယ်။ နိဗ္ဗာန်ဆော်လုပ်တဲ့တစ်ယောက်က ရှေ့ဆုံးကနေ နှိုးဆော်ပေးပါတယ်။ အချုပ်ထဲမှာ ဗုဒ္ဓဘာသာဝင်မဟုတ်သူ လေးငါးဆယ်ဦးလည်း ရှိနေကြပါတယ်။ သူတို့ကတော့ နောက်နားလေးမှာ အသာအယာပဲ ထိုင်နေကြရပါတယ်။

အခုလို အချုပ်ထဲမှာ ဘုရားရှိခိုးသံကို ကြားရတာဟာ သူ့အတွက်တော့ နင့်နင့်သည်းသည်းရှိလှပါတယ်။ အများစုဟာ အပြစ်ကိုယ်စီနဲ့ ဒီအထဲကို ရောက်လာကြသူတွေမဟုတ်လား။ သူ့အသတ် သတ်ခဲ့သူတွေ၊ သူတစ်ပါးဥစ္စာကို ခိုးယူခဲ့သူတွေ၊ သူများသားမယား ပြစ်မှားစော်ကားခဲ့သူတွေဟာ သူတို့အပြစ်တွေအတွက် နောင်တရမိနေကြမှာ၊ အပြစ်တွေ ခပ်မြန်မြန်ပဲကျေသွားပြီး လွတ်မြောက်ချင်စိတ်တွေ ရှိနေကြမှာပဲလို့ ရှိခိုးကန်တော့နေရင်း အတွေးဝင်မိပါတယ်။ အခုလိုမျိုး ရှိခိုးကန်တော့လိုက်လို့ သံသရာမှာ အပြစ်ဒဏ်ကနေ လွတ်မြောက်နိုင်မှာလားဆိုတာတော့ မပြောနိုင်ပါဘူး။ လောကကတော့ သူတို့ကို ဖယ်ကြဉ်လိုက်ကြပါပြီ။

သူ့မှာရော ဘာအပြစ်ရှိနေလဲ။ သူတစ်ပါးအကျိုးပျက်စီးစေမယ့်အလုပ်မျိုး မလုပ်ခဲ့ပေမဲ့ အပြစ်သားတစ်ယောက်ရဲ့အနေအထားကို သူ ရောက်နေခဲ့ပါပြီ။ ဒါဟာ ကံဆိုးခြင်းပေပဲလား၊ ဝဋ်ကြွေးပေလား၊ ကြမ္မာငင်ခြင်းပေပဲလား။ ဆန္ဒပြပွဲတွေမှာ ပါဝင်ပတ်သက်တာနဲ့ပဲ ‘လူ့အသိုင်းအဝိုင်းထဲမှာ ဆက်ထားလို့ မဖြစ်တော့ဘူး’ လို့ ဘယ်လိုအသိဉာဏ်မျိုးတွေနဲ့ စဉ်းစားလိုက်ကြတာလဲဆိုတာကို သူ့အနေနဲ့ နားမလည်နိုင်အောင် ဖြစ်ရပါတယ်။

ဘုရားရှိခိုးတာပြီးတဲ့အခါ ကိုယ့်အစုကလေးနဲ့ကိုယ် ပြန်စုပြီး ထိုင်ကြပါတယ်။ စကားပြောကြပါတယ်။ အချုပ်ထဲမှာ ပြောစရာ ဘာစကားတွေ ထူးထူးထွေထွေရှိနေမှာလဲ။ မိုးလင်းကနေ မိုးချုပ် ဒီအထဲမှာပဲ ရှိနေကြရသူတွေအနေနဲ့ ဘာအကြောင်းတွေ ပြောစရာ ရှိနေမှာလဲ။ ဒါပေမဲ့လည်း လူဆိုတာ စကားပြောတတ်တဲ့သတ္တဝါပေပဲမို့ ပြောစရာအကြောင်းတွေ ရှာကြံပြီး ပြောကြတာပါပဲ။ အများစုကတော့ အထဲကိုမဝင်ရမီက ပြင်ပမှာ ကြုံခဲ့ဆုံခဲ့၊ လုပ်ကိုင်ခဲ့တာတွေနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေပါပဲ။ ဒါတွေကလည်း နေ့ပေါင်းများစွာကြာလာတဲ့အခါ အပ်ကြောင်းထပ် ဓာတ်ပြားဟောင်းကြီးတွေ ဖြစ်လာပါတယ်။ ဒီတော့လည်း အထဲကို လူသစ်ဝင်လာရင် သူတို့ဟာ ရွှင်လန်းတတ်ကြပါတယ်။ ပြောစရာ စကားအသစ်၊ လူအသစ် ရတာမဟုတ်လား။

အိပ်ရာမဝင်မီ တချို့က ရေနွေးကြမ်းသောက်ကြပါတယ်။ ရေနွေးကြမ်းက အပြင်ကို မှာလိုက်ရင် သွင်းပေးပါတယ်။ ကြွပ်ကြွပ်အိတ်နဲ့ တစ်ထုပ်ကို ၁၀၀ ပေးရတာပါ။ သောက်ရေခွက် လေးငါးခွက်စာလောက် ပါပါတယ်။ အဆင့်ဆင့်ကို ဖြတ်သန်းပြီးမှ အထဲကို ရောက်လာတာမို့ ရေနွေးကြမ်းဟာ ပူပူကျက်ကျက်မဟုတ်တော့ဘဲ နွေးတေးတေးပဲ ရှိပါတယ်။ ပြီးတော့ လက်ဖက်ခြောက်ကို ဆေးဆိုးထားတာကြောင့် ထင်ရဲ့။ ရဲရဲတောက်တောက်။ တချို့က ကော်ဖီထုတ်လေးတွေ ဖောက်လို့ ဖျော်သောက်ကြပါတယ်။ အိမ်ကပို့ထားတဲ့ မုန့်ကလေးတွေရှိရင်တော့လည်း စားကြတာပေါ့။ တစ်နေ့တာအတွက် အမြိန်ယှက်ဆုံး အချိန်ဖြစ်မှာပါပဲ။

ကိုးနာရီထိုးခါနီးမှာ စကားဝိုင်းတွေ အားလုံးလက်စသတ်ကြရပါတယ်။ ကိုယ့်အဖွဲ့နဲ့ကိုယ်(အထဲမှာတော့ ‘စားအိုးတွဲ’ လို့ သုံးကြပါတယ်။)ခွက်တွေ၊ ဘူးတွေကို ပလတ်စတစ်အိတ် ခပ်ကြီးကြီးတစ်လုံးထဲမှာ စုထည့်ပြီး နံရံမှာ ချိတ်သိမ်းကြရပါတယ်။ ဘာလို့ဆို အဲဒီဟာတွေအတွက် အခန်းထဲမှာ နေရာ မရှိပါဘူး။ အိမ်ကပို့ထားတဲ့ စားဖွယ်သောက်ဖွယ်တွေ၊ အဝတ်အစားတွေနဲ့ အသုံးအဆောက်တွေကိုလည်း အဲဒီလိုပဲ နံရံတစ်နေရာရာမှာ ချိတ်ထားရပါတယ်။ နံရံအပြင်ဘက်ကနေ တစ်ထပ်ပတ်ထားတဲ့ သံဆူးကြိုးတွေရဲ့ အစွန်းထွက်နေတာတွေဟာ သူတို့အတွက် ချိတ်ဖြစ်လာတာပါပဲ။

အခန်းထဲ ကြမ်းပြင်ပေါ်မှာက အိပ်ရာလိပ်ကလွဲပြီး တခြားဟာ ထားလို့မရပါဘူး။ ထားစရာ နေရာ ရှိမနေပါဘူး။ ဒါတောင် နေရာအပိုင်ရှိတဲ့လူတွေကသာ ကိုယ့်နေရာနဲ့ကိုယ် အိပ်ရာလိပ်ထားခွင့် ရှိကြပါတယ်။ သူတို့တွေဟာ နံရံနဲ့ကပ်လျက်မှာ စီတန်းပြီး အိပ်ရာလိပ်တွေကို ထားကြပါတယ်။ ကျန်တဲ့သူတွေကတော့ အချုပ်ခန်းရဲ့အလယ်ကောင်မှာ သွားပြီး ပုံထားရပါတယ်။ ရင်ဆို့လောက်ရှိတဲ့အိပ်ရာလိပ်ပုံကြီးဟာ အားလုံးရဲ့အလယ်မှာ မြိန့်မြိန့်ကြီးပါပဲ။

အိပ်ကြတော့မယ်ဆိုတော့ ကစ်ပုံ(အိပ်ရာလိပ်ပုံ-အိပ်ရာလိပ်ကို ‘ကစ်လိပ်’ လို့ သုံးကြပါတယ်။)ကနေ ကိုယ့်အိပ်ရာလိပ်ကိုယ် ဆွဲထုတ်ယူကြရပါတယ်။ စိတ်ညစ်ဖွယ်ရာကြီးပါပဲ။ လပေါင်းများစွာ လျှော်ဖွပ်ရခြင်းလည်းမရှိ၊ နေလှန်းရခြင်းလည်း မရှိတဲ့ စောင်တွေ၊ အခင်းတွေဟာ ညစ်ပတ်ပေရေနေမှာ အသေအချာပါပဲ။ ဒီတော့လည်း တစ်ယောက်မှာ ပွေး၊ ဝဲနဲ့ ယားနာတွေ၊ တခြားကူးစက်ရောဂါတွေ ရှိနေရင် အကုန်လုံးကို ကူးစက်တာကဖြင့် မဆန်းတော့ပါဘူး။ အခုမှ စရောက်လာတဲ့ သူ့အဖို့ အဲဒီကိစ္စကို တွေးတောကြည့်ရတာကလည်း စိုးထိတ်စရာပါပဲ။

ကျောတစ်ခင်းစာရဲ့ အဓိပ္ပာယ်ကို အခုတော့ သူ အတိအကျ၊ အလေးအနက် သိလိုက်ရပါပြီ။ ကျောတစ်ခင်းစာဆိုတာ အရပ်ထဲ၊ ရွာထဲ အများတကာပြောနေဆိုနေကြတဲ့ အဓိပ္ပာယ်က နေရာတစ်ခုဖြစ်ချင်ဖြစ်မယ်၊ အခန်းတစ်ခုလည်း ဖြစ်ချင်ဖြစ်မယ်။ အိပ်ရာတစ်ခုကိုလည်း ရည်ညွှန်းချင် ညွှန်းလိမ့်မယ်။ ကုတင်တစ်လုံးလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒီအထဲမှာကတော့ ကျောတစ်ခင်းစာဆိုတာ ကျောတစ်ခင်းစာပါပဲ။

တန်းစီးလုပ်တဲ့သူက သူ့ကို နံရံဘက် အစွန်တန်းမှာ နေရာချထားပေးပါတယ်။ တကယ်တော့ နံရံဘက်တန်းမှာ နေရာမလွတ်တော့ပါဘူး။ အခုမှ ရောက်တာလည်းဖြစ်၊ နိုင်ငံရေးပုဒ်မလည်းဖြစ်တာကြောင့် နည်းနည်းမျက်နှာပေးတဲ့သဘောနဲ့ သူနိုင်တဲ့တစ်ယောက်ကို ဖယ်ခိုင်းပြီး အဲဒီနေရာကို ဝင်အိပ်ခိုင်းတာပါ။ (တကယ်တော့ နောက်ရက်မှ သိရတာက အဲဒီနေရာအတွက် ပိုက်ဆံတောင်းဖို့ပါပဲ။ ရောက်ခါစလူအနေနဲ့ အစွန်တန်းနေရာမှာ အိပ်ချင်ရင် ဝယ်ကြရတယ်လို့ တခြားသူတွေ ဆီကနေ သိရပါတယ်။ ဒါပေမဲ့ သူ မဝယ်ခဲ့တာကြောင့် အဲဒီတစ်ညပဲ အဲဒီနေရာမှာ အိပ်ခဲ့ရပါတယ်။)

သူတို့အတန်းက နံရံကို ခေါင်းပြုပြီး အိပ်ရပါတယ်။ ဘယ်ရောညာရောမှာ အပြည့်ပါပဲ။ မလှုပ်သာမလွန့်သာ ကျပ်ညပ်လို့ နေတာပါ။ သူတို့ရဲ့ခြေရင်းမှာ နောက်တစ်တန်း။ သူတို့နဲ့ ခြေချင်းကန်ပြီး အိပ်ကြရတာပါ။ ပြီးတော့မှ နောက်ထပ်တစ်တန်း စီပြန်ပါတယ်။ သူတို့ကိုကျ ခေါင်းချင်းဆက်။ ပြီးတော့မှ ဟိုဘက်နံရံဘက်အတန်း။

မျက်လုံးထဲမှာ ဒီလို မြင်ကြည့်နိုင်ပါတယ်။ စတုရန်းပုံ လေးထောင့်အခန်းထဲမှာ ပထမဆုံး အစွန်တန်းကလူတွေက နံရံကို ခေါင်းပြုပြီး စီတန်းအိပ်လိုက်ကြပါပြီ။ အခန်းရဲ့အလယ်က လွတ်နေတဲ့နေရာမှာ ကျန်တဲ့သူတွေက နှစ်တန်း စီတန်းလိုက်ပြီး ခေါင်းချင်းဆိုင် လို့ပါပဲ။

အဲသလို နေရာလွတ်မကျန်အောင် စီတန်းပြီး ကျပ်ညပ်နေပေမဲ့ အိပ်စရာနေရာ မရသေးတဲ့သူတွေ ရှိနေပါသေးတယ်။ သူတို့တွေကတော့ ဘာယာ(ကင်းသမား)အဖြစ်နဲ့ ငုတ်တုပ်ထိုင်နေကြရုံပါပဲ။ အိပ်နေတဲ့သူတွေရဲ့ ခြေထောက်တွေကြားမှာ အဆင်ပြေသလို ထိုင်ကြရတာပါ။ အဲဒီလိုမျိုးက ဆယ်ယောက်လောက် ရှိပါလိမ့်မယ်။ ဒီအတိုင်း ထိုင်နေကြရတာတော့လည်း မဟုတ်ပြန်ပါဘူး။ ၁၅ မိနစ်တစ်ခါ အပြင်ဘက်က သံချောင်းခေါက်ပါတယ်။ အဲဒီအခါမှာ သူတို့ဟာ ဘယ်အချိန်ရှိပြီဖြစ်ကြောင်း အော်အပြင်မှာရှိတဲ့ ကင်းတာဝန်ကျ ရဲဝန်ထမ်းတွေ ကြားအောင် သံနေသံထားနဲ့ အော်ကြရပြီး တစ်ဆက်တည်းမှာပဲ အချုပ်ခန်းထဲမှာ ပြဿနာတစ်စုံတရာမရှိကြောင်း သတင်းပို့ကြရတာပါ။ ဆရာကြီး သိန်းဖေမြင့်ရဲ့ “အားလုံးကောင်းပါသည်ခင်ဗျား” ဆိုတဲ့ ဝတ္ထုတိုကလေးကိုတောင် သတိရစရာပါ။

ပြီးတော့တစ်ခါ အိပ်နေတဲ့သူတွေ ညဘက် တစ်ရေးနိုးလို့ အပေါ့အပါးသွားတာမျိုး၊ ရေသောက်တာမျိုးတွေကို ဘာယာတွေက စောင့်ကြည့်ကြရပါတယ်။ သူတို့ခွင့်မပြုဘဲ မထရပါဘူး။ ဒီလိုနဲ့ပဲ ညတစ်ဝက်ကျိုး နာရီပြန်တစ်ချက်ထိုးတဲ့အခါ နောက်တစ်ဖွဲ့ကို နှိုးပြီး လွတ်သွားတဲ့ အဲဒီလူတွေရဲ့ နေရာတွေမှာ ဝင်အိပ်ကြရတာပါ။

သူ အဲဒီညက အိပ်လို့ မပျော်နိုင်ခဲ့ပါဘူး။ အတွေ့အကြုံအသစ်တွေကို ခံစားရင်း၊ ပျောက်ဆုံးသွားတဲ့ လွတ်လပ်ခြင်းတွေကို တမ်းတရင်းနဲ့ အမိုးမျက်နှာကြက်ကို မြင်နေရပါတယ်။ သူ အဖမ်းမခံရခင်က သတင်းတွေမှာ နေ့တိုင်း တွေ့နေမြင်နေရခဲ့ရတယ်။ ဘယ်သူ့ကိုတော့ ဘယ်မှာ ဖမ်းသွားပြီဆိုတာတွေပါပဲ။ သူတို့တွေလည်း ဒီလိုနေမှာပါပဲလို့ တွေးကြည့်ရင်း ကြောင်စီစီဖြစ်နေတဲ့ မျက်လုံးပေါင်းများစွာကို သူ မြင်ယောင်ကြည့်နေမိပါတယ်။

ရင့်ပြည့်

The Tanintharyi Times