ရေဖြူအခြေစိုက် ပြည်သူ့ကာကွယ်ရေးဆေးတပ်ဖွဲ့ တာဝန်ခံနဲ့ အင်တာဗျူး”

ရေဖြူအခြေစိုက် ပြည်သူ့ကာကွယ်ရေးဆေးတပ်ဖွဲ့ တာဝန်ခံနဲ့ အင်တာဗျူး”

“ဆေးဝါးကတော့ ပြတ်တောက်တယ်ဗျ။ တစ်ခါတလေ အရေးပေါ်လူနာပေါ်လာမှ ဆေးဝါးအဆင်သင့်မရှိလို့ ဝယ်ရတဲ့အခြေအနေတွေအထိရှိပါတယ်။ ဆေးဝါး သယ်ယူဖိူ့အတွက်ကလည်း အခက်အခဲအများကြီးရှိတာ​ကြောင့်ပါ။”

ထားဝယ်ခရိုင်အတွင်းက ရေဖြူမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးဆေးတပ်ရဲ့ ဆေးတပ်ဖွဲ့တစ်ခုကို ပြီးခဲ့တဲ့လအတွင်းက ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီဆေးတပ်ဖွဲ့ဟာ ဒဏ်ရာရရဲဘော်တွေအပြင် ကျေးရွာတွေအတွင်းက ဒေသခံတွေကိုလည်း ကုသမှုတွေ လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။ သူတို့အဖွဲ့ ဘယ်လိုတွေ ကုသမှု ပေးနေလဲ၊ ဘာတွေလိုအပ်နေလဲဆိုတာတွေကို အဖွဲ့တာဝန်ခံကို မေးမြန်းပြီး ဒီတစ်ပတ် တနင်္သာရီတိုင်းမ်ရဲ့”တောင်ပိုင်းသားတို့အသံ” ကဏ္ဍကနေ တင်ဆက်ပေးလိုက်ပါတယ်။

“တောင်ပိုင်းသားတို့အသံ”

မေး - ဆေးတပ်ဖွဲ့ကို ဖွဲ့စည်းဖြစ်ခဲ့ပုံကိုလည်း ပြောပြပေးပါ။

ဖြေ - စဖွဲ့စည်းဖြစ်ပုံကတော့ ပြည်သူတွေရော၊ ကျနော်တို့ဝေဟင်အဖွဲ့ရော၊ မဟာမိတ် အဖွဲ့တွေရောအတွက် အဆင်ပြေစေဖို့ ဖွဲ့စည်းဖြစ်ခဲ့တာပါ။

မေး - ဘယ်အချိန်မှာ စဖွဲ့စည်းခဲ့တာပါလဲ။

ဖြေ - ဝေဟင်ဆေးတပ်ဖွဲ့က အရင်ကတည်းကရှိပေမဲ့ ကျနော်တို့က ဝေဟင်ဆေးတပ်ဖွဲ့ Page ထောင်တဲ့နေ့ ပြီးခဲ့ဇွန်လ ၈ ရက်နေ့ကို စဖွဲ့စည်းတဲ့နေ့အဖြစ် သတ်မှတ်ထားပါတယ်။

မေး - ဖွဲ့စည်းတဲ့အချိန်ကစပြီး လက်ရှိအချိန်ထိ လူနာဘယ်နှယောက်လောက်အထိ ကုသပေးခဲ့ပြီးပြီလဲ။

ဖြေ - ဖွဲ့စည်းတဲ့အချိန်က ဆိုတာထက် ကျနော်တို့စပြီး မှတ်တမ်းလုပ်တဲ့ အချိန်ကို ပြောရမှာပေါ့နော်။ လက်ရှိအချိန်ထိဆိုရင် ဆေးရုံတက်လူနာ၊ ပြင်ပလူနာ၊ တပ်တွင်းရဲဘော်တွေနဲ့ မဟာမိတ်တွေရော စုစုပေါင်း ၂၀၀ ကျော်ကို ကုသပေးနိုင်ခဲ့ပါတယ်ဗျ။

မေး - ပြင်ပလူနာတွေကို ဘယ်လိုပုံစံမျိုးနဲ့ကုသပေးနေတာလဲ။

ဖြေ - လက်ရှိမှာ ပြင်ပလူနာတွေကိုတော့ ရွေ့လျားဆေးခန်း(Mobile Clinic) နဲ့ အထိုင်ဆေးခန်း(Fixed Clinc) ပုံစံ နှစ်မျိုးစလုံးနဲ့ ကုသပေးပါတယ်ဗျ။

မေး - ဘယ်လိုလူနာတွေက အဓိကလာရောက်ကုသကြတာလဲ။ ဘယ်အနေထားအထိကုသပေးနိုင်နေပြီလဲ။

ဖြေ - အဓိက ကတော့ ကျနော်တို့ လက်လှမ်းမှီသလောက် ကျေးရွာတွေက ပြည်သူတွေနဲ့ ကျေးရွာတွေက ဆေးရုံတက်ဖို့ အခက်ခဲရှိတဲ့လူနာတွေကိုအဓိက ကုသပေးပါတယ်။ ရှေ့တန်း စစ်မြေပြင်မှာ ဒဏ်ရာရတဲ့လူနာတွေ တပ်တွင်းရဲဘော်တွေကိုလည်း ကုသပေးနိုင်နေပြီဖြစ်ပါတယ်။

မေး - လက်ရှိဆေးတပ်ဖွဲ့မှာ ဘယ်လိုအခက်အခဲတွေရှိလဲ။

ဖြေ - အခက်အခဲကတော့ အများကြီးပါပဲဗျ။ အဓိက ကတော့ ဆေးဝါးဝယ်ယူဖို့ ငွေကြေးမလုံလောက်တဲ့ပြဿနာပါ။ ဘတ်ဂျက်ပြဿနာပေါ့ခင်ဗျ။ ပြီးတော့ဆေးဝါးသယ်ယူရတဲ့ အခက်အခဲတွေပါ။

မေး - ဆေးဝါးပြတ်တောက်တာမျိုးရော ကြုံရဖူးလား။

ဖြေ - ဆေးဝါးကတော့ ပြတ်တောက်တယ်ဗျ။ တစ်ခါတလေ အရေးပေါ်လူနာပေါ်လာမှ ဆေးဝါးအဆင်သင့်မရှိလို့ ဝယ်ရတဲ့အခြေအနေတွေအထိရှိပါတယ်။ ဆေးဝါး သယ်ယူဖိူ့အတွက်ကလည်း အခက်အခဲအများကြီးရှိတာ​ကြောင့်ပါ။

မေး - ဝေဟင်ဆေးတပ်ဖွဲ့ကို ဘယ်လိုအနေအထားအထိဖြစ်လာဖို့ ရည်ရွယ်ထားလဲ။

ဖြေ - ဝေဟင်ဆေးတပ်ဖွဲ့ကို ဆေးရုံ၊ ဆေးခန်းသွားဖို့ ခက်ခဲတဲ့ပြည်သူတွေနဲ့ ကျနော်တို့ ရဲဘော်တွေ၊ မဟာမိတ်တွေရောအတွက်ပါ အားထားရတဲ့ ဆေးတပ်ဖွဲ့ တစ်ဖွဲ့ ဖြစ်လာဖို့အထိရည်ရွယ်ထားပါတယ်ဗျ။

မေး - နောက်ထပ် ဖြည့်စွက်ပြောကြားချင်တာရှိရင်လည်း ပြောပြပေးပါ။

ဖြေ - ဖြည့်စွက်ပြောချင်တာကတော့ ကျနော်တို့အဖွဲ့က အခုမှ စပြီးလည်ပတ်ရတာဆိုတော့ ငွေကြေးမရှိပါဘူး။ ဘတ်ဂျက်နည်းပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ တတ်စွမ်းနိုင်သလောက် ပါဝင်ကူညီဖိုတောင်းဆိုချင်ပါတယ်။ ကျနော်တို့ ကလည်း ပြည်သူတွေရော၊ တော်လှန်ရေး ရဲဘော်တွေအတွက်ရော အသင့်ရှိနေမယ်လို့ ပြောချင်ပါတယ်။

The Tanintharyi Times