ပုလောက စစ်ဘေးရှောင်နေရသူတွေရဲ့ အိမ်တွေမှာ စစ်တပ်က ပစ္စည်းတွေ ခိုးနေ
ပုလောက စစ်ဘေးရှောင်နေရသူတွေရဲ့ အိမ်တွေမှာ စစ်တပ်က ပစ္စည်းတွေ ခိုးနေ
မြိတ်ခရိုင်၊ ပုလောမြို့နယ်ထဲက စစ်ဘေးရှောင်ပြေးနေကြရတဲ့ ဒေသခံတွေရဲ့ နေအိမ်တွေကို ရိုက်ဖွင့်ပြီး ပစ္စည်းတွေကို ခိုးယူတာတွေရှိနေတယ်လို့ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
အခုလို ခိုးယူရာမှာ တပ်စွဲထားတဲ့ တိုကျေးရွာရှိ အနောက်တောင်ပေါ်ကနေ ရွာထဲကို ဆင်းပြီး နေအိမ်တွေကို စစ်ဆေးသလိုလုပ်ကာ လူမရှိတဲ့ အိမ်တွေမှန်းသိတဲ့ အချိန် အခုလို ခိုးယူကြတာ ဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။
“ဈေးဆိုင်တွေဆိုလည်း ဝိုင်းစစ်တယ်။ လူကိုတော့မဖမ်းဘူး။ သူတို့က အဲလို ဆင်းဆင်းစစ်နေတော့ ရွာသားအများစုလည်း ရွာထဲ မရှိကြဘူး။ ပိတ်ထားတဲ့ အိမ်တွေဆို ရိုက်ဖွင့်ပြီး ပစ္စည်းယူသွားတာပဲ” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
လွန်ခဲ့တဲ့ နှစ်ရက်ခန့်ကလည်း တိုကျေးရွာ မှာရှိတဲ့ ဈေးဆိုင်တစ်ဆိုင်ကို စစ်ကောင်စီတပ်သားတွေ စစ်ဆေးနေချိန် ဈေးလာဝယ်တဲ့ ဒေသခံနှစ်ဦး ကြောက်ပြီး လှည့်ပြန်ချိန် သေနတ်နဲ့ လိုက်လံပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီပစ်ခတ်မှုမှာ ထိခိုက်သေဆုံးတာတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။
ဒါ့အပြင် ပုလောမြို့နယ် ထဲကို ဖြတ်သန်းသွားလာတဲ့ ကားတွေကိုလည်း မသင်္ကာရင် မသင်္ကာသလို ပစ်ခတ်မှုတွေရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။
“ပြည်သူကားတွေကို ပစ်တာက မြသပိတ်စေတီထက်က စနိုက်ပါလားတခြားစက်သေနတ်လားတော့မသိသေးဘူး။ ပစ်ခတ်မှုတွေတော့ ရှိနေတယ်” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပြပါတယ်။
လွန်ခဲ့တဲ့ နှစ်ရက်က မြိတ် - ထားဝယ် ကားလမ်းကို အသုံးပြုပြီး ဖြတ်သန်းသွားလာခဲ့တဲ့ ကားတစ်စီးကို စစ်တပ်ဘက်က ရမ်းသန်းပစ်တာတွေ ပြုလုပ်ခဲ့ပေမဲ့ ထိခိုက်သေဆုံးတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။
ပုလောမြို့နယ်ထဲရှိ တိုကျေးရွာ၊ တန်းရှင်းရွာ၊ သင်္ကန်းတောရွာနဲ့ ကဒဲရွာတွေကို စစ်တပ်က အဓိက ပစ်မှတ်ထားတိုက်ခိုက်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေ ရှိမယ်ထင်တဲ့ နေရာမှန်သမျှကိုလည်း လက်နက်ကြီးတွေနဲ့ မကြာခဏ ရမ်းသန်း ပစ်ခတ်လေ့ရှိတယ်လို့ သိရပါတယ်။
The Tanintharyi Times
