ပုလော၊ ပြင်းဖြူရွာကမ်းစပ်မှာ ဓားထိုးဒဏ်ရာတွေနဲ့ အမျိုးသားအလောင်းတွေ့
ပုလော၊ ပြင်းဖြူရွာကမ်းစပ်မှာ ဓားထိုးဒဏ်ရာတွေနဲ့ အမျိုးသားအလောင်းတွေ့
ပုလောမြို့နယ်၊ လက္ကူးကျေးရွာအုပ်စု၊ ပြင်းဖြူရွာက ပင်လယ်ကမ်းစပ်မှာ ဓားထိုးဒဏ်ရာတွေနဲ့ ပုပ်ပွနေတဲ့ အမျိုးသားအလောင်းတွေ့ရှိခဲ့တယ်လို့ PRDF အဖွဲ့ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
အဆိုပါအလောင်းဟာ လက်နောက်ပြန်ကြိုးတုပ်ခံထားရပြီး ရင်ဘတ်မှာ ဓားထိုးဒဏ်ရာ ၄ ချက်အပြင် ခြေထောက်ရိုက်ချိုးခံထားရတဲ့အနေအထားနဲ့ မနေ့နေ့လယ် ၁၂ နာရီဝန်းကျင်က ဒေသခံတွေက တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“ကြိုးက ဝိုင်ယာကြိုးနဲ့ ချည်ထာားတာ။ အလောင်းက မုတ်ဆိတ်တွေနဲ့အသက်ကတော့ ခပ်ကြီးကြီးထဲကပဲ ဖြစ်လောက်တယ်” လို့ PRDF ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
အဆိုပါအမျိုးသားဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကိုတော့ သက်ဆိုင်ရာ အဖွဲ့တွေက စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ ဆက်ပြောပါတယ်။
အဲဒီအမျိုးသားအလောင်းကိုတွေ့ခဲ့တဲ့နေ့မှာပဲ လက္ကူးကျေးရွာ နာရေးကူညီမှုအသင်းက ရွာသင်္ချိုင်းမှာပဲ မီးရှို့ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အခုလ ၂ ရက်နေ့ ညနေကလည်း တနင်္သာရီမြို့နယ်၊ တနင်္သာရီမြစ်လက်တက်ထဲမှာလှေနဲ့သွားနေတဲ့ အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်က အကြောင်းမဲ့ သေနတ်နဲ့ပစ်သတ်ခဲ့လို့ အမျိုးသားတစ်ဦးသေဆုံးခဲ့ပါတယ်။
The Tanintharyi Times
