စစ်ပွဲအမှတ်သုည
စစ်ပွဲအမှတ်သုည
စစ်ကြီးဖြစ်ပြီဆို
ဘယ်သူ စပစ်သလဲက အရေးမကြီးတော့ဘူး
နောက်ဆုံးကျည်ဆံက ဘယ်သူ့အတွက်လဲပဲ အရေးကြီးတယ်၊
စစ်ကြီးဖြစ်ပြီဆို
အမှန်တရားအကြောင်း ပြောဆိုခြင်းနဲ့
သေခြင်းတရားအကြောင်း တွေးတောခြင်းကို မေ့ထားလိုက်
အဲဒီ၂ခုရဲ့အရိပ်အောက်က ပြေးမှမလွတ်တော့ပဲ၊
စစ်ကြီးဖြစ်ပြီဆို
ပထမပေါက်ကွဲမှုနဲ့ နောက်ပေါက်ကွဲမှုတခုအကြားမှာ
အခုအလောင်းနဲ့ နောက်အလောင်းတခုအကြားမှာ
အသက်ရှုမှုတခုနဲ့ နောက်အသက်ရှုမှုတခုအကြားမှာ
ငြိမ်းချမ်းရေးနဲ့ချစ်ခြင်းမေတ္တာကို မျက်ခြေမပြတ်စေနဲ့
မသေပဲကျန်ခဲ့နိုင်တာ ဒီ၂ခုပဲရှိတယ်၊
စစ်ကြီးပြီးပြီဆို
သူရဲကောင်းစာရင်းကိုလည်း သွင်းဖို့မမေ့နဲ့
တရားခံစာရင်းကိုလည်း ရှင်းဖို့မမေ့နဲ့
စစ်ကြီးကိုတော့ မေ့ပစ်လိုက်။
နှင်းခါးမိုး
The Tanintharyi Times
