သရက်ချောင်းမြို့နယ်က စစ်ကောင်စီတပ်နဲ့ တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ထိခိုက်ကျဆုံးမှု ရှိနေ
သရက်ချောင်းမြို့နယ်က စစ်ကောင်စီတပ်နဲ့ တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ထိခိုက်ကျဆုံးမှု ရှိနေ
ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွါးရာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ထိခိုက်ကျဆုံးမှုတွေ ရှိနေပါတယ်။
အခုလ ၁၇ ရက်နေ့လောက်ကစပြီး သရက်ချောင်းမြို့နယ်ထဲက ပိတောက်ကြီး၊ ပိတောက်ငယ်နဲ့ ပဲဒက်ကျေးရွာအုပ်စုထဲကရွာတွေကို စစ်ကောင်စီတပ်ဘက်က စစ်ကြောင်း ၃ ကြောင်း အင်အား ၃၀၀ ကျော်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်နေတာဖြစ်ပါတယ်။
၁၈ရက်နေ့ မနက်ပိုင်းမှာတော့ ပဲဒက်ကျေးရွာအုပ်စုထဲမှာ စစ်ကောင်စီတပ်သား ၁၀၀ လောက်ပါတဲ့ စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်သား ၅၀ ခန့်ပါတဲ့စစ်ကြောင်းတို့ နှစ်ဖက်ထိပ်တိုက် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
သရက်ချောင်းမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်သားတစ်ဦးကတော့” လက်နက်အင်အားရော လူအင်အားရောအရမ်းကွာနေတယ်။ ကျဆုံးကတော့ ၄ ဦးခန့်ပဲ အတည်ပြုလို့ရသေးတယ်။ အသေးစိတ်ကို မသိရသေးပါဘူး” လို့ ပြောပါတယ်။
အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က တရားဝင်ထုတ်ပြန်ကြေညာတာမျိုးတော့ မရှိသေးပါဘူး။
စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်တွေမှာတော့ အဆိုပါတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်သား ၇ ဦးသေဆုံးခဲ့ပြီး မောင်းပြန်သေနတ် ၄လက်၊ လက်လုပ်သေနတ်၂ လက်နဲ့ ကျည်ဆံတွေသိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ကုန်းလမ်းတင်မကပဲ ရေလမ်းကပါ ဝင်ရောက်နေတာဖြစ်ပြီး ပဲချောင်းဝအနီးမှာ စစ်သင်္ဘာ ၂ စီးရောက်ရှိနေကာ အင်အားထပ်တိုးထားတယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီတပ်သားတွေ ဝင်ရောက်လာချိန်ကစပြီး နှစ်ဖက်လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်မှု ၅ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး လက်ရှိမှာလည်းစစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
The Tanintharyi Times
