ထားဝယ်မှာ စစ်သားတွေချောင်းပစ်ခတ်ခံရပြီးနောက် မြစ်တစ်ဖက်ကမ်းကရွာတွေကို စစ်တပ်က စစ်ကြောင်းထိုး

ထားဝယ်မှာ စစ်သားတွေချောင်းပစ်ခတ်ခံရပြီးနောက် မြစ်တစ်ဖက်ကမ်းကရွာတွေကို စစ်တပ်က စစ်ကြောင်းထိုး

ပုံစာ - လက်ရှိစစ်ကောင်စီစစ်ကြောင်းရောက်နေတဲ့ တောင်မင်းပြောင်ရွာထဲလမ်းတနေရာ။ (ပုံဟောင်း)

▪️လူထောင်နဲ့ချီအရေးပေါ်ထွက်‌ပြေးနေရ

ထားဝယ်မြစ်တစ်ဖက်ကမ်းမှာရှိတဲ့ ရွာတွေကို စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေတာကြောင့် လောင်းလုံးမြို့နယ်က လူထောင်နဲ့ချီအရေးပေါ်ထွက်ပြေး‌နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

လွန်ခဲ့တဲ့နှစ်ရက်က ထားဝယ်မြို့ပေါ်မှာ သုံးဘီးဆိုင်ကယ်နဲ့ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေ အလစ်ပစ်ခတ်ခံခဲ့ရပါတယ်။ အဲဒီနေ့မှာပဲ ပစ်ခတ်ခံရတဲ့နေရာနဲ့မြစ်တစ်ခုဘဲခြားတဲ့ ထိန်တွင်းရွာဘက်ကို ‌စစ်ကောင်စီတပ်က စစ်ကြောင်စထိုးခဲ့တာပါ။

အဲဒီစစ်ကြောင်းဟာ ထိန်တွင်းရွာသားရာနဲ့ချီကို ဘုန်းကြီးကျောင်းမှာဖမ်းဆီးထားပြီး စစ်ဆေးမေးမြန်းခဲ့သလို ရွာထဲကအိမ်တွေကိုမွှေနှောက်ပြီး ဆိုင်ကယ်၊ တခြားတန်ဖိုးရှိပစ္စည်းတွေကို ကားတွေနဲ့တင်ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဲဒီနောက် မနေ့ကနဲ့ ဒီနေ့မွန်းလွဲပိုင်းတွေမှာလည်း မဲအုံနောက်၊ ခမောင်းတောင်၊ တောင်မင်းပြောင်ရွာတွေကို အင်အားထပ်ဖြည့်ထားတဲ့ စစ်ကြောင်းဆက်ဝင်ပြီး နေအိမ်မွှေနှောက်တာနဲ့ အရပ်သားတွေ စစ်ဆေးတာတွေ လုပ်ဆောင်နေတာပါ။

အဲဒီ စစ်ကြောင်းကြောင့် ထိန်တွင်း၊ ခမောင်းတောင်၊ မဲအုံနောက်၊ တောင်မင်းပြောင်၊ မြို့ဟောင်း၊ ဆင်ပုနစ်၊ ဖွားဘုတ်ပြင်၊ ‌‌ဒေါင်းရှောင်နဲ့ ပိန်းရှောင်ရွာတွေက ဒေသခံတွေ အရေးပေါ်ထွက်ပြေးနေရတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

“ဒီဘက်မှာအကုန် ရှိတာသယ်ပြီးပြေးနေကြပြီ။ ကျနော်တို့လည်းမနေရဲတော့လို့ ရှောင်နေပြီ” လို့ ရွာထဲကတိမ်းရှောင်နေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကြောင်းမရှောက်သေးပေမဲ့ စစ်ကြောင်းဦးတည်နေတဲ့ ရွာတွေနဲ့ အနီးအနားကရွာတွေပါ တိမ်းရှောင်နေတာကြောင့် လက်ရှိနေအိမ်စွန့်ခွာထွက်ပြေးနေသူ ထောင်နဲ့ချီရှိပြီလို့လည်း ဒေသခံတွေကဆိုပါတယ်။

စစ်ကြောင်းထိုးနေချိန်အတွင်း တစ်ဖက်တည်း ရမ်းသမ်းပစ်ခတ်တာတွေ ရှိပေမဲ့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားတာမျိုးတော့ မရှိသေးဘူးလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အဲဒီ စစ်ကောင်စီစစ်ကြောင်းမှာ စစ်ကောင်စီတပ်သား အင်အား ၁၅၀ လောက်အထိရှိပြီး ဒီနေ့ညနေပိုင်းအထိ တောင်မင်းပြောင်ရွာထဲမှာပဲဆက်ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ညနေပိုင်းထမင်းချက်စားနေကြတယ်တဲ့။ ဟိုရွာဘက်ရောက်နေတယ် ဒီရွာဘက်ရောက်နေတယ်ဆိုပြီးတော့ သတင်းမျိုးစုံထွက်နေတယ်။ လူတွေကလန့်နေပြီ ” လို့ နောက်ထပ် နေအိမ်စွန့်ခွာတိမ်းရှောင်နေသူတစ်ဦးက ပြောပါတယ်။

အခုစစ်ကြောင်းဟာ ထားဝယ်မြို့ ပေါ်မှာ အလစ်ချောင်းပစ်ခတ်ခံရတာကြောင့် အနီးအနားကရွာတွေကို နယ်မြေရှင်းလင်းတဲ့ပုံစံနဲ့ စစ်ကြောင်းထိုးနေတာဖြစ်နိုင်တယ်လို့ ပြည်သူ့ကာကွယ်ရေးရဲ‌ဘော်တွေနဲ့ ဒေသခံတွေက ခန့်မှန်းပြောဆိုပါတယ်။

ထားဝယ်မြို့ ပေါ်က စစ်ကောင်စီတပ်သားတွေကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်နဲ့ ‌ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲက ပူပေါင်းပစ်ခတ်ခဲ့တဲ့ဖြစ်စဥ်မှာတော့ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး သေနတ် ၅ လက်သိမ်းမိခဲ့ပါတယ်။

The Tanintharyi Times