နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဉပဒေအသစ် စစ်ကောင်စီ ရေးဆွဲနေ
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဉပဒေအသစ် စစ်ကောင်စီ ရေးဆွဲနေ
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဉပဒေကိုအသစ်ရေးဆွဲနေတယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောပါတယ်။
နေပြည်တော်မှာ ဒီကနေ့ပြုလုပ်တဲ့ စစ်ကောင်စီလက်ခံထားတဲ့ သတင်းမီဒီယာတွေနဲ့တွေ့ဆုံပွဲမှာ ၎င်းကပြောကြားခဲ့တာဖြစ်ပါတယ်။
ဥပဒေမူကြမ်းနဲ့ နည်းဥပဒေကို ပြဌာန်းနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ပြောပေမဲ့ ဘယ်အချိန်မှာပြဌာန်းမယ် ဆိုတာကိုတော့ ၎င်းကထည့်မပြောသွားပါဘူး။
ပြီးခဲ့တဲ့ရွေးကောက်ပွဲအတွေ့အကြုံနဲ့ နိုင်ငံရေးပါတီတွေကို ၎င်းတို့စစ်ဆေးတွေ့ရှိချက်တွေ အပေါ်အခြေခံပြီး ဥပဒေအဟောင်းကို ပြင်ဆင်၊ ဖြည့်စွက် ရေးဆွဲနေတာလို့ ဦးခင်မောင်ဦးက ပြောပါတယ်။ ဒီလိုရေးဆွဲရာမှာ ပါတီတွေဆီက သီးခြားအကြံပြုချက်တောင်းခံတာ မရှိဘူးလို့လည်း ထည့်ပြောသွားပါသေးတယ်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဉပဒေကို ၂၀၁၀ ခုနှစ်မှာ ရေးဆွဲပြဌာန်းပြီးသားပါ။ ၂၀၁၁ နဲ့ ၂၀၁၄ ခုနှစ်တွေမှာလည်း အဆိုပါဥပဒေကို ပြင်ဆင်၊ ဖြည့်စွက်တာတွေကို ပြုလုပ်ခဲ့ပါတယ်။
၂၀၂၃ မှာ အထွေအထွေရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီဟာ နိုင်ငံရေးပါတီတွေ အနေနဲ့ နိုင်ငံခြားတိုင်းပြည်တစ်ခုခုက အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံမယ်ဆိုရင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ကြိုတင် တင်ပြပြီး ခွင့်ပြုချက်ယူရမယ်ဆိုတဲ့ ကန့်သတ်ချက်ကို ယခင်လ ၁၁ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ ကော်မရှင်ဟာ တည်ဆဲ နိုင်ငံရေးပါတီ ၉၂ ပါတီကို လိုက်လံ စစ်ဆးတာတွေပြုလုပ်နေတာ အခုဆိုရင် ၈၅ ပါတီအထိ စစ်ပြီးသွားပြီလို့ ဆိုပါတယ်။ NLD ပါတီအပါအဝင် ၇ ပါတီကတော့ မစစ်ဆေးရသေးပါဘူး။
The Tanintharyi Times
