ထားဝယ်မှာ သူငယ်ချင်းအချင်းချင်းစကားများရာက လူသတ်အလောင်းဖျောက်မှုဖြစ်
ထားဝယ်မှာ သူငယ်ချင်းအချင်းချင်းစကားများရာက လူသတ်အလောင်းဖျောက်မှုဖြစ်
ထားဝယ်မြို့နယ်၊ မေတ္တာမြို့ ဖောင်းတောကြီးရွာမှာ သူငယ်ချင်း အချင်းချင်းစကားများရာကနေ သတ်ဖြတ်ပြီး အလောင်းဖျောက်မှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အသတ်ခံရသူက KNU ရဲ့ ကစယ်ဒိုမြို့နယ်၊ ဖောင်းတောနယ်မြေတာဝန်ခံ ပဒိုကာလီလားရဲ့ သား အသက် ၂၉ နှစ်အရွယ် စောအယ်ဒါးမိုးဖြစ်ပါတယ်။
လူသတ်မှုကျူးလွန်သူကတော့ သူရဲ့ အလွန်ရင်းနှီးပြီး အတူနေ၊ အတူစား မိတ်ဆွေဖြစ်တဲ့ အသက် ၄၀ အရွယ် စောအယ်စေး ဖြစ်တယ်လို့ ရွာခံတွေက ပြောပါတယ်။
သူတို့နှစ်ဦးဟာ အခုလ ၃ ရက်နေ့ညဘက်မှာ အရက်သောက်ပြီး ဂီတာတီးနေရင်း စကားများကြပြီး စောအယ်စေးက စောအယ်ဒါးမိုးကို ပုဆိန်နဲ့ခုတ်သတ်ခဲ့တာလို့ ရွာခံတွေက ဆိုပါတယ်။
“နှစ်ပေါင်းများစွာ တတွဲတွဲ တအားခင်ကြတာ။ အဲဒီနေ့က သောက်စားပြီး ဂီတာတီး၊ သီချင်းဆိုနေတာ။ အယ်ဒါးမိုးက မူးနေပြီ ဆက်မတီးနိုင်တော့ဘူးလို့ ပြောတယ်။ အဲတော့ စောအယ်စေးက မတီးရင် သတ်ပစ်မယ်ဆိုပြီးပြောတယ်တဲ့ ပြီးတော့ ပုဆိန်နဲ့ခေါင်းကိုခုတ်လိုက်တာ။ မူးပြီး ဖြစ်ကြတာ” လို့ ကာယကံရှင်မိသားစုနဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပုဆိန်နဲ့ခုတ်ပြီးနောက် အလောင်းကိုတော့ စောအယ်စေးရဲ့ အိမ်အနောက်ဘက်မှာ မြေမြှုပ်လိုက်တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
စောအယ်ဒါးမိုးရဲ့မိသားစုဝင်တွေကတော့ အသတ်ခံရတာကိုမသိဘဲ ပျောက်ဆုံးနေတာကြောင့် နီးစပ်ရာမှာရှာဖွေနေခဲ့တာပါ။
အခုလ ၉ ရက်နေ့မှာတော့ မြေမြှုပ်ထားတဲ့တွင်းကို ခွေးတွေကဖော်ယူပြီး အလောင်းကိုဆွဲနေတဲ့အချိန်မှ ပြန်တွေ့ ခဲ့တာလို့ ဆိုပါတယ်။
“ပျောက်လို့ဆိုပြီးလိုက်ရှာကြတယ်။ သူ့ကိုလည်းမေးတယ်။ သူမသိဘူးပဲပြောတယ်။ စစ်တဲ့အချိန် သူပြန်ပြောပြတာဆိုရင် ပုဆိန်နဲ့ခုတ်ပြီး ငြီးသံထွက်နေလို့ သစ်သားတုတ်နဲ့ မသေမချင်းထပ်ရိုက်သတ်ခဲ့တယ်တဲ့” လို့ ပိသားစုနဲ့ နီးစပ်သူက ဆက်ပြောပါတယ်။
အလောင်းတွေ့ပြီးနောက်မှာတော့ KNU တပ်မဟာ ၄ တာဝန်ရှိသူတွေက လူသတ်မှုကျူးလွန်တဲ့ စောအယ်စေးကို ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။ သူကိုယ်တိုင်ကလည်း သတ်ဖြတ်ခဲ့တာကို ဝန်ခံတယ်လို့ နီးစပ်သူတွေကဆိုပါတယ်။
သတ်ဖြတ်ခံရတဲ့သူရဲ့ မိသားစုဝင်တွေဘက်ကတော့ မှန်ကန်တဲ့တရားစီရင်မှုရဖို့ ဆန္ဒရှိနေကြောင်း နီးစပ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကလည်း KNU ရဲ့ လယ်ဒိုစိုး(ထားဝယ်)မြို့နယ် တရားသူကြီး စောကဲဒိုရဲ့သားဖြစ်သူ စောကညောဒိုစိုးသတ်ဖြတ်ပြီး အလောင်းဖျောက်ခံခဲ့ရပါတယ်။
စောကညောဒိုစိုးကိုတော့ ကော်သူးလေတပ်မတော်ဘက်က သတ်ဖြတ်တာလို့ ဒေသခံတွေနဲ့ တော်လှန်ရေးရဲဘော်တွေက ဆိုပါတယ်။ ကော်သူးလေတပ်မတော် ဆာကဆောတပ်မဘက်ကတော့ သူတို့သတ်ဖြတ်တာမဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။
The Tanintharyi Times
