မြိတ်မြို့အဝင်က ကြိုဆိုပါ၏ဆိုင်းဘုတ်အနီးမှာ စစ်ဆေးရေးဂိတ်အသစ်တစ်ခု စစ်ကောင်စီထပ်ဖွင့်ထား
မြိတ်မြို့အဝင်က ကြိုဆိုပါ၏ဆိုင်းဘုတ်အနီးမှာ စစ်ဆေးရေးဂိတ်အသစ်တစ်ခု စစ်ကောင်စီထပ်ဖွင့်ထား
မြိတ်မြို့ရဲ့အဓိကဝင်ပေါက်နေရာမှာ စစ်ဆေးရေးဂိတ်ကြီးတစ်ခုကို စစ်ကောင်စီက အသစ် ချထားပြီး ဖြတ်သန်းသွားလာသူတွေကို စတင်စစ်ဆေးနေပြီလို့ မြိတ်မြို့ခံတွေက ပြောပါတယ်။
အဲ့ဒီ စစ်ဆေးရေးဂိတ်ဟာ “မြိတ်မြို့မှကြိုဆိုပါ၏” ဆိုင်းဘုတ်စိုက်ထူထားတဲ့ စန္ဒဝတ်ကျေးရွာအုပ်စု၊ ကျောက်ဖြူတောင်လမ်းဆုံအနီးမှာ ရှိနေတာပါ။
မြိတ်မြို့မှာအရင်က ကျွဲကူးတံတားနဲ့ ပသောင်းတံတား စတဲ့နေရာတွေမှာပဲ စစ်ကောင်စီတပ်က ဂိတ်ချစစ်ဆေးလေ့ရှိပြီး အခုလိုမျိုး စစ်ဆေးရေးဂိတ်ကြီးချထားလိုက်တာတော့ ပထမဆုံးဖြစ်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
အဆိုပါစစ်ဆေးရေးဂိတ်ကို မနေ့က ဒီဇင်ဘာ ၁၈ မှာမှ စကစတပ်သားတွေကို အစောင့်စချပြီး မြို့အဝင်အထွက် ဖြတ်သန်းသွားလာမှုတွေကို စတင်စစ်ဆေးခဲ့တာလို့ မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။
စစ်ဆေးရေးဂိတ်အရှေ့မှာ “ စစ်ဆေးမှုကို ကြည်ဖြူစွာလက်ခံပေးပါ” ဆိုတဲ့ ဆိုင်းဘုတ်ထောင်ထားပြီး အိမ်စီးကား၊ ကုန်ကားနဲ့ ခရီးသည်တင်ကားတွေကို အဓိကထားစစ်ဆေးနေတယ်လို့လည်း သိရပါတယ်။
ကျောက်ဖြူတောင်ရွာခံ ဆိုင်ကယ်တက္ကဆီမောင်းသမားတစ်ဦးကတော့ “ ပိုက်ဆံကောက်ဖို့ ဂိတ်တစ်ဂိတ်ထပ်တိုးလာတာပေါ့။ ပြီးတော့ ဘိတ် (မြိတ်) မှာ ဗုံးပေါက်ထားသေးတာဆိုတော့ လုံခြုံရေးမြှင့်လိုက်တာ ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။
မြိတ်မြို့မှာ ပြီးခဲ့တဲ့ ၁၂ ရက်က သယံဇာတ ဝန်ကြီးဟောင်း ဦးသိန်းလွင်ရဲ့အိမ်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွါးခဲ့ပါတယ်။ အဲ့ဒီပေါက်ကွဲမှုပြီးကတည်းက မြို့ထဲမှာ လုံခြုံရေးတိုးမြှင့်ချတာတွေ ရှိခဲ့ပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးဖမ်းဆီးတာတွေ စစ်ကောင်စီဘက်က ပြုလုပ်ခဲ့ပါတယ်။
မြို့ခံ ပြောပြတာကတော့ အဲ့ဒီစစ်ဆေးရေးဂိတ်ကို မနေ့ကမှစချတာဖြစ်ပြီး အရင်က ရဲကင်းအလွတ်ပဲ ရှိနေကာ အခုတော့ စစ် ကောင်စီတပ်သား ခြောက်ယောက်လောက်တွေ့ရတယ်လို့ ဆိုပါတယ်။
စစ်ဆေးရေးဂိတ်ကို ဘယ်ရီဂိတ်တွေနဲ့ ဟိုဘက် ဒီဘက်ကာထားသလို မျက်နှာချင်းဆိုင်မှာလည်း မ.ထ.သ ရုံးကနေ ကားအဝင်အထွက် ငွေကြေးကောက်တဲ့ နေရာချထားတယ်လို့ ဖြတ်သွားဖြတ်လာ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အခုဂိတ်ချထားလိုက်တဲ့နေရာဟာ အရင်က မြို့အဝင်အထွက်စစ်ဆေးနေကြဖြစ်တဲ့ ကျွဲကူးတံတားနဲ့ ပသောင်းတံတား မရောက်ခင်နေရာဖြစ်ပြီး အခုလိုချထားလိုက်တဲ့အတွက် တခြား လမ်းခွဲတွေကနေ ရှောင်သွားတာတွေ လုပ်လို့မရနိုင်တော့ဘူးလို့လည်း မြို့ခံတွေက ပြောပါတယ်။

ဒါ့အပြင် မနေ့က တရက်တည်းမှာပဲ စစ်ဆေးရေးဂိတ် နောက်တစ်ခုကို မြိတ်မြို့ရှိခရီးသည်အဝေးပြေးကားဝင်းအသစ်အနီးက အမှတ် ၄ ရဲကင်းအရှေ့ မှာလည်း ချထားသေးတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အာဏာသိမ်းပြီးကာစ ၂၀၂၁ နှစ်ကစတင်ကာ ကျွဲကူးတံတားနဲ့ ပသောင်းတံတားတို့ကို စစ်ကောင်စီက လုံခြုံရေး တင်းကျပ်စွာချခဲ့ပြီး အဲ့ဒီ့ဂိတ်တွေမှာ စီဒီအမ်ဆရာဝန်တွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ အဖမ်းခံခဲ့ရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ဖူးပါတယ်။
The Tanintharyi Times
