ထားဝယ်အကျဥ်းထောင်က သက်ကြီးပိုင်းနိုင်ငံရေးအကျဥ်းသူတစ်ဦး ကျန်းမာရေးအခြေနေဆိုးရွားလာလို့ ဆေးရုံတင်ထားရ

ထားဝယ်အကျဥ်းထောင်က သက်ကြီးပိုင်းနိုင်ငံရေးအကျဥ်းသူတစ်ဦး ကျန်းမာရေးအခြေနေဆိုးရွားလာလို့ ဆေးရုံတင်ထားရ

ထားဝယ်အကျဥ်းထောင်က အသက်ကြီးပိုင်း နိုင်ငံရေးအကျဥ်းသူတစ်ဦး ကျန်မာရေးအခြေအနေဆိုးရွားလာတာကြောင့် ပြင်ပဆေးရုံကို ပို့ဆောင်ကုသနေရတယ်လို့ ထောင်နဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။

ဆေးရုံတင်ထားရသူဟာ အသက် ၆၀ ကျော်အရွယ် ဒေါ်စန်းအေး ဖြစ်ပြီး ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်မှာ နေထိုင်သူတစ်ဦးဖြစ်ပါတယ်။ သူ့ကို ဒီနှစ်အောက်တိုဘာလထဲမှာပဲ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က)နဲ့ ထောင်ဒဏ် ၅ နှစ် စစ်ကောင်စီတရားရုံးက အမိန့်ချမှတ်ထားတာပါ။

ဒေါ်စန်းအေးဟာ အခုလ ၁၅ရက်နေ့ညက သွေးတိုး၊ ဆီးချို ရောဂါတွေနဲ့အသည်းအသန်ဖြစ်လာကြောင့် နောက်နေ့မနက်ပိုင်းမှာ အကျဥ်းထောင်အာဏာပိုင်တွေက ထားဝယ်ဆေးရုံကြီးကိုပို့ဆောင်ပေးခဲ့တာလို့ သိရပါတယ်။

” သူကအရင်ကတည်းကလည်းကျန်းမာရေးမကောင်းဘူး။ အသက်ကလည်းကြီးပြီလေ။ အခုလည်း သွားကိုက်ဝေဒနာကိုပါ ခံစားနေရလို့ အစာလည်းမစားနိုင်ဖြစ်နေတယ်” လို့ဒေါ်စန်းအေးနဲ့နီးစပ်သူတစ်ယောက်ကပြောပါတယ်။

လက်ရှိမှာတော့သူ့ကို ထားဝယ်ဆေးရုံမှာ ဆက်လက်ကုသပေးနေတယ်လို့သိရပြီး ရောဂါအခြေအနေ ထူးထူးခြားခြားသက်သာလာတာမျိုးမရှိသေးဘူးလို့လည်း ၎င်းက ဆက်ပြောပါတယ်။

ထားဝယ်အကျဥ်းထောင်မှာ နိုင်ငံရေးအမှုတွေနဲ့အကျဥ်းကျခံနေရတဲ့ နိုင်ငံရေးအကျဥ်းသူ စုစုပေါင်း ၁၀၀ ဝန်းကျင်ရှိပြီး ပြစ်ဒဏ်ချမှတ်ခံထားရသူကတော့ ၅၀ ဦးဝန်းကျင် ရှိနေပါတယ်။

The Tanintharyi Times