ဘုရင့်နောင်ရပ်ကွက်ကနေအိမ်တွေမှာ ပစ္စည်းအခိုးခံရတာတွေများလာ

ဘုရင့်နောင်ရပ်ကွက်ကနေအိမ်တွေမှာ ပစ္စည်းအခိုးခံရတာတွေများလာ

ပုံစာ - ဘုရင့်နောင်ရပ်ကွက်တစ်နေရာ။ (Myanmar Digital News)

ကော့သောင်းမြို့၊ ဘုရင့်နောင်ရပ်ကွက်မှာ အခုလအတွင်း နေအိမ် လေးဆောင်ထက်မနည်း ပစ္စည်းတွေခိုးယူခံခဲ့ရတယ်လို့ မြို့ခံတွေက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။

ဘုရင့်နောင်ရပ်ကွက်ရဲ့ ဘဲကွေခြံလို့ ခေါ်တဲ့အပိုင်းမှာ ရှိတဲ့ အိမ်တွေမှာ မီးစက်၊ ရေမော်တာ၊ ခြုံစောင်နဲ့ အဝတ်အထည်တွေအပါအဝင် အိမ်အသုံးအဆောင်ပစ္စည်းတွေ အခိုးခံခဲ့ရတယ်လို့ မြို့ခံတွေကပြောပါတယ်။

ပစ္စည်းတွေလိုက်ခိုးနေတဲ့ လူတစ်စုဟာ ၆ ယောက်ဝန်းကျင်ရှိပြီး အသက်ကြီးပိုင်းအမျိုးသမီးတစ်ဦး၊ အသက် ၁၆ နှစ်၊ ၃၀ နှစ်အရွယ် အမျိုးသားတွေလည်းပါဝင်နေတယ်လို့ မျက်မြင်တွေ့ခဲ့ရတဲ့ မြို့ခံတွေက ပြောပါတယ်။

“ယောက်ျားငယ်တွေထဲ ခြံထဲဝင်ခိုးရင် မိန်းမကြီးက ခြံအပြင်မှာစောင့်ပေးနေတာ။ ခွေးတွေဟောင်ရင် ကျောက်ခဲလုံးနဲ့ တခြားအိမ်တွေထဲကိုလိုက်ပစ်ထည့်တယ်။ အာရုံလွှဲတဲ့ သဘော။” လို့ မျက်မြင်တွေ့ခဲ့ရတဲ့မြို့ခံအမျိုးသားက ပြောပါတယ်။

အိမ်အပြင်မှာလှမ်းထားတဲ့ အဝတ်အစားနဲ့ ခြုံစောင်တွေကိုတော့ ခြံစည်းရိုးအပြင်ကနေ ဝါးလုံးနဲ့ယူထုတ်တယ်လို့ အဆိုပါမျက်မြင်က ဆက်ပြောပါတယ်။

အခုလ ည ၁၁ ရက်နေ့ကတော့ အိမ်တွေထဲကျောက်ခဲနဲ့ခြောက်ပစ်နေတုန်း ဘေးအိမ်တွေကပါ နိုးလာပြီး သူခိုးလိုက်ဖမ်းကြပေမယ့် မမိလိုက်ဘူးလို့ ဆိုပါတယ်။

အခုလို အိမ်တွေမှာ ပစ္စည်းခိုးခံရတာတွေ ဆက်တိုက်ဖြစ်နေပေမယ့် မြို့မရဲစခန်းကို တိုင်ကြားတာမျိုးတော့ တခါမှမရှိခဲ့ဘူးလို့ မြို့ခံတွေဆီက တဆင့် သိရပါတယ်။

ဘဲကွေခြံဟာ ဘုရင့်နောင်ရပ်ကွက်နဲ့ ပိတောက်ရွှေဝါရပ်ကွက် အစပ်မှာရှိတာဖြစ်ပြီး နေအိမ်ဖောက်ထွင်းခံရတာမကြာခဏဖြစ်လေ့ရှိတယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကော့သောင်းအပါအဝင် တနင်္သာရီတိုင်းထဲကမြို့နယ်အားလုံးနီးပါးမှာ နေအိမ်ဖောက်ထွင်းခံရတာတွေ၊ ပစ္စည်းအခိုးခံရတာတွေ ခပ်စိပ်စိပ်ဖြစ်လာနေပါတယ်။

The Tanintharyi Times