တနင်္သာရီမြို့နယ်က နေရာလေးခုမှာ စစ်ကောင်စီတပ်လှုပ်ရှားမှုခပ်စိပ်စိပ်ရှိလာ

တနင်္သာရီမြို့နယ်က နေရာလေးခုမှာ စစ်ကောင်စီတပ်လှုပ်ရှားမှုခပ်စိပ်စိပ်ရှိလာ

ဓာတ်ပုံ - စစ်ကောင်စီတပ်သားတွေရဲ့ပုံဟောင်း။

တနင်္သာရီမြို့နယ်က နယ်မြေလေးခုမှာ စစ်ကောင်စီတပ်ရဲ့လှုပ်ရှားမှုတွေ ခပ်စိပ်စိပ်ရှိနေတယ်လို့ ဒေသခံတွေနဲ့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေဆီကနေ သိရပါတယ်။

တနင်္သာရီမြို့ပေါ်ရပ်ကွက်တွေနဲ့ တမုတ်ချုံးကျေးရွာအုပ်စု၊ အရှေ့မော်တုံးကျေးရွာအုပ်စုနဲ့ထုံခါ-မောတောင်လမ်းတလျှောက်မှာ စစ်ကောင်စီတပ်သားတွေရဲ့ လှုပ်ရှားမှုတွေရှိနေတာ ဖြစ်ပါတယ်။

တနင်္သာရီမြို့ပေါ်ရပ်ကွက်ဖြစ်တဲ့ ချောင်းငယ်ရပ်ကွက်မှာဆိုရင် စစ်ကောင်စီတပ်သားနဲ့ရဲတပ်ဖွဲ့ဝင်တွေစုပြီး ကင်းပုန်းဝပ်တာ၊ လူနေအိမ်တွေပေါ်မှာ တက်နေတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“ကင်းပုန်း လာဝပ်နေကြတာ ညတိုင်းပါ။ မြို့လုံခြုံရေးလို့ ပြောပါတယ်။ သူတို့နေနေကြတာ ပြန်ပြင်ဖို့လုပ်ထားတဲ့ အိမ်ဟောင်းတွေမှာ တက်နေနေကြတယ်။” လို့ မြို့ခံအမျိုးသားတစ်ဦးက ပြောပြပါတယ်။

အခုလ ၁၂ ရက်နေ့ကတည်းက စစ်ကောင်စီတပ်သား အင်အား ၈၀ ခန့်ဟာ အရှေ့မော်တုံး‌ ကျေးရွာအုပ်စုထဲကို စစ်ကြောင်းထိုးဝင်ရောက်လာပြီး အရပ်သား ၅ ဦးကို နှိပ်စက်ဖမ်းဆီးခဲ့ပါတယ်။ အဲဒီထဲက ၄ ဦးကတော့ ဖမ်းခံရတဲ့နေ့မှာပဲ ပြန်လွတ်လာခဲ့တယ်လို့သိရပါတယ်။

တစ်နေ့တည်းမှာပဲ မြိတ်မြို့ဘက်ကနေ စစ်ကောင်စီတပ်ကား ၁၀ စီး တနင်္သာရီမြို့နယ်ထဲကိုရောက်ရှိလာပြီး အောက်ကင်းရွာအခြေစိုက် ခမရ(၅၅၇)တပ်ရင်းမှာ အင်အားထပ်တိုးထားတယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ နှစ်ရက်၊ အခုလ ၁၇ ရက်နေ့တုန်းကလည်း စစ်ကောင်စီတပ်သား အင်အား ၈၀ ‌ခန့်ဟာ တမုတ်ချုံးကျေးရွာအုပ်စုထဲကိုရောက်ရှိနေပြီး ကင်းပုန်းဝပ်တာ၊ ဘုရားတောင်ပေါ်တပ်စွဲတာ၊ စစ်ကြောင်းထိုးတာ စတာတွေ လုပ်ဆောင်နေပါတယ်။ စစ်ကြောင်းဝင်လာတဲ့နေ့မှာပဲ အရပ်သားတစ်ဦးကိုလည်း ပစ်သတ်ခဲ့ပါတယ်။

ကျားကြီးကွန်မန်ဒို(KTLA-tcjf)တပ်ဖွဲ့က ပြန်ကြားရေးတာဝန်ခံကိုစိုင်းညီက “မြိတ်ကဆင်းလာတဲ့ကားတွေ အောက်ကင်းတပ်မှာစုပြီး အဲကနေဖြန့်ကျက် လှုပ်ရှားနေကြတာထင်တယ်။ အခုလဆန်းပိုင်းကတည်းက လှုပ်ရှားမှုတွေရှိနေတယ်။” လို့ ပြောပါတယ်။

အရင်လတွေက အခုလိုမျိုး လှုပ်ရှားမှုတွေ ရှိနေတာကြောင့် တနင်္သာရီတိုင်းကစစ်ကောင်စီအဖွဲ့တွေ ရာထူးအပြောင်းအလဲလုပ်တာနဲ့မသက်ဆိုင်လောက်ဘူးလို့ ကိုစိုင်းညီက သူ့အမြင်ကို ပြောပါတယ်။

ဒါ့အပြင် ဒီကနေ့မနက်မှာပဲ ထုံခါ-မောတောင်လမ်းတလျှောက်မှာ စစ်ကောင်စီတပ်သား အင်အား ၉၀ လောက် ရောက်ရှိနေပြီး ကင်းပုန်းဝပ်တာနဲ့စစ်ကြောင်းထိုးတာတွေ တောက်လျှောက်လုပ်နေတယ်လို့ သိရပါတယ်။

အဲဒီလိုလှုပ်ရှားမှုတွေရှိနေတဲ့အတွက် ထုံခါ-မောတောင်လမ်းပိုင်းကို ညဘက်အသုံးမပြုဖို့ ကျားကြီးကွန်မန်ဒို(KTLA-tcjf)တပ်ဖွဲ့က ထုတ်ပြန်သတိပေးထားပါတယ်။

The Tanintharyi Times