ကံပေါက်ရဲစခန်းက ဒုရဲအုပ်နဲ့ ပျူစောထီးတွေ လိုက်ပါလာတဲ့ကားတစ်စီး ရန်ကုန်-ထားဝယ်လမ်းမှာ မိုင်းဆွဲတိုက်ခိုက်ခံရ၊ သေဆုံးသူရှိနိုင်

ကံပေါက်ရဲစခန်းက ဒုရဲအုပ်နဲ့ ပျူစောထီးတွေ လိုက်ပါလာတဲ့ကားတစ်စီး ရန်ကုန်-ထားဝယ်လမ်းမှာ မိုင်းဆွဲတိုက်ခိုက်ခံရ၊ သေဆုံးသူရှိနိုင်

ကံပေါက်ရဲစခန်းက ဒုရဲအုပ်အပါအဝင်တခြားရဲနဲ့ပျူစောထီးတွေ လိုက်ပါလာတဲ့ကားတစ်စီးဟာ ရန်ကုန်-ထားဝယ်ကားလမ်းမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ များပြားကာ ‌သေဆုံးသူရှိနိုင်တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ကျောက်ရှပ်ရွာနဲ့ ရေပုံးရွာကြားက မိုင်တိုင် အမှတ်(၄၀) အနီးကားလမ်းမနေရာမှာ ဒီကနေ့မနက် (၁၀)နာရီခန့်က မိုင်းဆွဲခံခဲ့ရတာပါ။

အဆိုပါကားမှာ ကံပေါက်ရဲစခန်းက ဒုရဲအုပ် ဗိုလ်လေး အပါအဝင် တစ်ခြားရဲတပ်သားတွေနဲ့ ဇာဒီကျေးရွာ၊ ပယကျေးရွာက ပျူစောထီးတွေလိုက်ပါလာတာဖြစ်ပြီး ကံပေါက်ကနေ ရေဖြူမြို့ကို အမှူတစ်ခုအတွက် ရုံးချိန်းအသွား တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

တိုက်ခိုက်ခံရပြီးမှာ ထိခိုက်ဒဏ်ရာရခဲ့တဲ့သူတွေကို အနီးအနားမှာရှိတဲ့ ကလိန်အောင်ဆေးရုံသို့ ပို့‌ဆောင်ခဲ့ပြီး အခြေနေဆိုးတဲ့သူတွေကိုတော့ မောရဝတီ ရေတပ်ဆေးရုံကို သယ်ယူ ကုသနေတယ်လို့ သိရပါတယ်။

” ဗိုလ်လေးတစ်ယောက်တော့တော်တော်ထိသွားတယ်ကြားတယ်။ တစ်ယောက်သေတယ်လည်းကြားတယ်။ သေတဲ့သူကဘယ်သူလဲဆိုတာ သေချာမသိရသေးဘူး။” လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှု့ကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ အခုထိ မသိရသေးပါဘူး။ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတဲ့ မိုင်(၄၀)အနီး မှာ စစ်တပ်အင်အား (၄၀)ဝန်းကျင်ခန့် စစ်ကြောင်းထိုးဖို့ စီစဥ်နေတယ်လို့လည်း သိရပါတယ်။

ရန်ကုန်- ထားဝယ်ကားလမ်းမပေါ်မှာ စစ်ကောင်စီယာဥ်တန်းတွေ မကြာခဏဆိုသလိုမိုင်းဆွဲတိုက်ခိုက်ခံနေရပြီး သြဂုတ် (၁၇) ရက်ကလည်း မောင်မယ်ရှောင်ရွာအနီးမှာ ကား(၁၅) စီးပါ စစ်ကောင်စီယာဥ်တန်းမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

The Tanintharyi Times