Kaung For You ကျောင်းသားနဲ့မိဘတွေကို အရေးမယူဘူးလို့ စစ်ကောင်စီပြော

Kaung For You ကျောင်းသားနဲ့မိဘတွေကို အရေးမယူဘူးလို့ စစ်ကောင်စီပြော

ရုပ်သံ - MRTV

Kaung For You မှာ ကျောင်းတက်တဲ့ ကျောင်းသားတွေနဲ့ သူတို့ မိဘတွေကို ဖမ်းဆီးအရေးယူမှာ မဟုတ်ဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက MRTV ကနေ မနေ့က ပြောဆိုပါတယ်။

မကြာသေးခင်က Kaung For you ကျောင်းအုပ်အပါအဝင် စာသင်ကြားနေတဲ့ ဆရာ၊ဆရာမတွေကို အချက်အလက်နဲ့တကွလိုက်လံဖမ်းဆီတာတွေကို ပြုလုပ်နေချိန်မှာပဲ အခုလိုပြောဆိုလာတာပါ။

တဆက်တည်းမှာပဲ အဲဒီကျောင်းမှာ ကျောင်းတက်နေတဲ့ ကျောင်းသားကျောင်းသူတွေအပါဝင် ကျောင်းအပ်ထားသူတွေရဲ့အချက်အလက်တွေကိုပါ စစ်ကောင်စီကရရှိထားပြီဖြစ်တာကြောင့် ဖမ်းဆီးတာတွေပြုလုပ်မယ်လို့ စစ်ကောင်စီလော်ဘီချန်နယ်တွေကနေပြောဆိုထားတာတွေရှိနေပါတယ်။

အဲဒီလို ခြိမ်းခြောက်စာတွေပါပေးပို့ခံနေရတာကြောင့် ကျောင်းသားမိဘတွေ စိုးရိမ်မှုမြင့်တက်ခဲ့ပြီး တချို့ဟာ နေအိမ်ကနေရွှေ့ပြောင်းနေထိုင်တာတွေအထိပြုလုပ်ခဲ့ကြပါတယ်။

” ခြိမ်းခြောက်စာတွေလည်းပို့ခံထားရတော့ ကြောက်တာပေါ့လေ။ စစ်ကောင်စီကမဖမ်းဘူးဆိုတာကိုလည်းရာနှုန်းပြည့်မယုံရဲဘူး။ ကျောင်းဘက်ကလုံခြုံတယ်ဆိုလို့ အချက်အလက်အမှန်တွေ ပေးလိုက်မိတယ်လေ။ အခုလိုတွေဖြစ်လာတော့ ဘယ်သူ့အားကိုးလို့အားကိုးရမှန်းမသိဘူး။ မိသားစုတစ်ခုရှောင်တယ်ပြေးတယ်ဆိုတာလွယ်တာမှမဟုတ်ပဲ” လို့ ထားဝယ်မြို့ကကျောင်းသားမိဘတစ်ဦးကပြောပါတယ်။

Kaung For Youရဲ့လူမှုကွန်ရက်စာမျက်နှာအသစ်တစ်ခုကတော့ အခုပျံ့နှံ့နေတဲ့စာရင်းတွေဟာ Kaung For You မှာစာသင်ကြားနေတဲ့ ဆရာ၊ဆရာမ စာရင်းမဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

အဲဒီလူမှုကွန်ရက်စာမျက်နှာအသစ်ဟာ အမှန်တကယ်Kaung For You ရဲ့ စာမျက်နှာဖြစ်တယ်ဆိုတာကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

NUG ရဲ့ပညာရေးဝန်ကြီးဌာကတော့ အချက်အလက်ပေါက်ကြားမှုကို တတ်နိုင်တဲ့ဘက်က ကူညီဆောင်ရွက်ပေးမှာဖြစ်ပြီ ခြိမ်းခြောက်ငွေညှစ် တောင်းခံခံခဲ့ရတဲ့ ပြည်သူတွေ အနေနဲ့ တိုင်ကြားနိုင်ဖို့နဲ့ အရေးယူဆောင်ရွက်နိုင်ဖို့ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

KNU ဗဟိုရဲ့အလုပ်အမှုဆောင် ပဒိုစောတောနီးကလည်း Kaung For You ကျောင်း နဲ့ပတ်သက်ပြီး အန္တရာယ်ရှိနေတဲ့ CDM ဆရာ၊ ဆရာမ၊ ကျောင်းသားကျောင်းသူတွေကို လက်ခံကြိုဆိုသွားမယ်လို့ တရားဝင် အသိပေးပြောဆိုထားပါတယ်။

The Tanintharyi Times