ရေကန်တောင်ရွာက ဒေသခံတွေ ပုဂ္ဂလိက လျှပ်စစ်ကုမ္ပဏီ ကိုရော စစ်ကောင်စီလက်အောက်ခံအဖွဲ့ တွေကိုပါ မီတာခ ပေးဆောင်နေရ

ရေကန်တောင်ရွာက ဒေသခံတွေ ပုဂ္ဂလိက လျှပ်စစ်ကုမ္ပဏီ ကိုရော စစ်ကောင်စီလက်အောက်ခံအဖွဲ့ တွေကိုပါ မီတာခ ပေးဆောင်နေရ

ပုံစာ - ရေကန်တောင်ရွာက ဆိုလာဓာတ်အားပေးရုံ။(photo - CJ)

ကျွန်းစုမြို့၊ ရေကန်တောင်ရွာက ပြည်သူတွေဟာ လျှပ်စစ်မီးရဖို့အတွက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူး တဲ့ ကုမ္ပဏီကိုရော စစ်ကောင်စီလက်အောက်ခံအဖွဲ့ တွေကိုပါမီတာခ နှစ်ကြိမ်ပေးဆောင်နေရတယ်လို့ ဒေသခံတွေက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။

ရေကန်တောင်ရွာခံတွေဟာ သူတို့သုံးစွဲနေတဲ့ လျှပ်စစ်ဓာတ်အား အတွက် ကျသင့်ငွေ ကြိုတင်ပေးချေစနစ် နဲ့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူး နေတဲ့ Techo-Hill Engineering ကုမ္ပဏီ ကိုမီတာခပေးဆောင်ထားရတဲ့ အပြင် စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေဖြစ်တဲ့ ပျူစောထီး၊ ပြည်သူ့စစ်နဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက ဒီဇယ်ဖိုးဆိုပြီး ငွေကြေးထပ်မံ ကောက်ခံနေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရပ်ကွက်ငါးခုရှိတဲ့ ရေကန်တောင်ရွာမှာ လွန်ခဲ့တဲ့ ၂၀၁၅-၂၀၁၆ ခုနှစ်ကတည်းက ဆိုလာ ဓာတ်အားပေးစနစ် ကနေ လျှပ်စစ်ဓာတ်အားရယူသုံးစွဲနေတာပါ။ အဲဒီအတွက် Techo-Hill Engineering ကုမ္ပဏီ ကို ကိုယ်ကြိုအသုံးပြုမယ့်အပေါ်မူတည်ပြီး ငွေကြိုချေရတဲ့ စနစ်နဲ့ ပုံမှန်ပေးဆောင်နေရတယ်လို့ သိရပါတယ်။

Techo-Hill Engineering ကုမ္ပဏီ က ဆိုလာစနစ်နဲ့ ဖြန့်ဖြူးတဲ့ လျှပ်စစ်ဓာတ်အားဟာ ၂၀၂၁ ခုနှစ်လောက်ကစလို့ ဆိုလာနဲ့ အချိန်ပြည့်မီးမပေးနိုင်တော့လို့ ဆိုပြီး ညဘက်ပိုင်းတွေကို ဒီဇယ်မီးစက်နဲ့ လျှပ်စစ်မီး ပေးနေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆိုလာ မီးပေးစနစ်မှာအသုံးပြုတဲ့ ဘတ္ထရီတွေ ပျက်စီးသွားတာကြောင့် ညနေ ၆ နာရီကနေ ၁၁ နာရီခွဲအထိ ဒီဇယ်မီးစက်နဲ့ လျှပ်စစ်မီး ပေးနေတာဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

အဲဒီလို ဒီဇယ်မီးစက်နဲ့ မီးပေးတာကို စစ်ကောင်စီလက်အောက်ခံတွေဖြစ်တဲ့ ပျူစောထီးအဖွဲ့၊ ပြည်သူ့စစ်အဖွဲ့နဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေက ဦးဆောင်နေတာပါ။ ဒီဇယ်ဖိုးလို့ခေါင်းစဉ်တပ်ပြီး တစ်ရက်ကို ၈၀၀ ကျပ်နှုန်းနဲ့ ဒေသခံတွေဆီက ကောက်ခံတာကိုလည်း သူတို့က လုပ်ဆောင်နေတယ်လို့ ရေကန်တောင်ရွာက ဒေသခံတွေ ဆိုပါတယ်။

ဒီဇယ်မီးစက်ဆီက ရတဲ့မီးဟာလည်း ကျေးရွာတစ်ခုလုံးတစ်ပြိုင်တည်းရတာမဟုတ်ဘဲ တစ်လှည့်စီဖြန့်ဖြူးနေတာဖြစ်ပေမဲ့ ဒီဇယ်မီးစက်အတွက် တစ်နေ့ ၈၀၀ ကျပ်ကို ပုံမှန်ကောက်ယူနေတာဖြစ်တယ်လို့ ဒေသခံတွေက ရှင်းပြပါတယ်။

ဒါကြောင့် ဒေသခံ တွေဟာ Techo-Hill Engineering ကုမ္ပဏီ ကိုမီတာခပေးဆောင်ထားရတဲ့ အပြင် စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေကိုပါ မီတာခ ထပ်ဆောင်းပေးနေရတာဖြစ်တယ်လို့ ဒေသခံတွေက ထောက်ပြပါတယ်။

ငွေကောက်ခံတဲ့ရက်ကလည်း ပုံမှန်မရှိဘဲ ရက်ဆက်ကောက်တာရှိသလို သုံးရက်တစ်ကြိမ်၊ တစ်ပတ်တကြိမ်၊ လဝက်တစ်ကြိမ်စသဖြင့် နေအိမ်တွေမှာ ပိုက်ဆံလိုက်တောင်းလေ့ရှိတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

“ ဆင်းရဲသားတွေမှာအနာတွေချည်းပဲ။ အခုက တရားမျှတမှုမရှိလို့ ကျွန်တော်တို့ကပိုမခံနိုင်ဖြစ်နေတာ။ ပေးရမယ်ဟာဆို ကျေကျေနပ်နပ်ပေးတယ်ဗျ။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ရေကန်တောင်ရွာမှာ မီးရယူသုံးစွဲနေတဲ့အိမ်ခြေ ၈၀၀ ကျော်ရှိပြီး ဒီဇယ်မီးစက်အတွက် တစ်အိမ်ကို ၈၀၀ ကျပ်ကောက်မယ်ဆိုရင် တစ်ရက်တည်းအတွက် ပျမ်းမျှ ၆၄၀,၀၀၀ ကျပ်ရတာဖြစ်ပါတယ်။ ဒီဇယ်တစ်ပေပါကို ခုနှစ်သိန်းခွဲဝန်းကျင်ပေါက်ဈေးရှိနေတယ်လို့သိရပါတယ်။

ရေကန်တောင်ရွာကို ဒီဇယ်မီးစက်နဲ့ မီးပေးဖို့အတွက်ဆိုရင် တစ်ညကို ၁၄ ဂါလံအများဆုံးကုန်တယ်လို့ မီးရုံးဝန်ထမ်းအသိုင်းအဝိုင်းက ပြောပါတယ်။ ဒီဇယ်တစ်ပေပါမှာ ၅၂ ဂါလံရှိတာဖြစ်ပါတယ်။

ရေကန်တောင်ကျေးရွာအုပ်စုမှာ အိမ်ထောင်စုအရေအတွက် ၃၃၂၆ စု ရှိတယ်လို့ ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ သိရပါတယ်။ ဒေသခံတွေကတော့ ရေကန်တောင်ရွာတစ်ခုတည်းမှာ အိမ်ထောင်စု တစ်ထောင်ထက်မနည်းရှိတယ်လို့ ပြောပါတယ်။

“အခုက မိုးရာသီဆို‌တော့ ဆိုလာမီးလည်း တစ်နေ့လုံးမရပါဘူး။ ညဘက်မီးကလည်း အချိန်ပြည့်မရပါဘူး။ ပိုက်ဆံတွေဈေးကြီးပေးထားရပြီး စိတ်ကျေနပ်မှုမရဘူး။ ကျွန်မတို့မှာ အရမ်းဖိနှိပ်ခံနေရတယ်။” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ရေကန်တောင်ရွာခံအားလုံးနီးပါးဟာ စစ်ကောင်စီလက်အောက်ခံတွေဖြစ်တဲ့ ပျူစောထီးအဖွဲ့၊ ပြည်သူ့စစ်အဖွဲ့နဲ့ အုပ်ချုပ်ရေးမှူးတွေဦးဆောင်ပြီး ငွေထပ်တိုးကောက်ခံတာကို သဘောမကျကြဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် လက်နက်ရှိနေတာကြောင့် ဘာမှပြန်မပြောရဲဘဲ ဖိနှိပ်ခံနေတယ်လို့ ဒေသနေပြည်သူတွေက ပြောဆိုကြပါတယ်။

The Tanintharyi Times