သေဆုံးခွင့်ရဖို့အတွက် တိုက်ပွဲဝင်သူ 

သေဆုံးခွင့်ရဖို့အတွက် တိုက်ပွဲဝင်သူ 

ဓာတ်ပုံ _ The New York Times

 (အက်ဆေး၊ ခေတ်ပြိုင်ဘဝများ)
 
သေဆုံးခွင့်ရဖို့အတွက် တိုက်ပွဲဝင်သူဟာ ကမ္ဘာပေါ်မှာ လူနည်းစုဖြစ်ပါလိမ့်မယ်။ ဆန်ဒရာ ကတော့ အဲဒီလူနည်းစုထဲက တစ်ယောက်ပါ။
 
ဆန်ဒရာ ဒီမွန်တင်နီးဟာ အယ်လ်ဇိုင်းမားရောဂါရှိနေသူတစ်ယောက်ပါ။ သူမဟာ အသက် ၄၅ နှစ် ရှိပြီဖြစ်ပြီး ကလေးသုံးယောက်ရဲ့မိခင် ဖြစ်ပါတယ်။ အယ်လ်ဇိုင်းမားဟာ အသက်အရွယ်ကြီးရင့်သူတွေမှာ အဖြစ်များပေမယ့် ဆန်ဒရာကတော့ သူမအသက် ၃၉ နှစ်မှာကတည်းက စသိခဲ့ရတာပါ။ စသိတဲ့အချိန်မှာ သူမဟာ စိတ်ကျရောဂါကို ခံစားခဲ့ရပေမယ့် မအံ့ဩခဲ့ပါဘူး။
 
ဆန်ဒရာရဲ့တချို့အမျိုးတွေလည်း အသက်ငယ်ငယ်နဲ့ ဒီရောဂါရခဲ့တာကို သူမ တွေ့ခဲ့ပြီးသားပါ။ သူတို့ကတော့ ဒီရောဂါရှိနေတာကို ရှက်လို့ နောက်ဆုံးအချိန်အထိ ထုတ်မပြောခဲ့ကြပါဘူး။
 
မှတ်ဉာဏ်တွေ တဖြည်းဖြည်ဆုံးရှုံးလာတဲ့ဒီရောဂါကို ဆန်ဒရာဟာ သူမ မိဘတွေဆီက အမွေရခဲ့တာ ဖြစ်ပါတယ်။ ဆန်ဒရာက သားဖွားဆရာမ လုပ်ခဲ့သူပါ။
 
“မွေးဖွားခြင်းနဲ့ သေဆုံးခြင်းဟာ ခပ်ဆင်ဆင်ပါပဲ” လို့ သူကဆိုပါတယ်။
 
သူမအဖေက အယ်လ်ဇိုင်းမားကြောင့် အသက် ၄၇ ခုနှစ်မှာ အလုပ်က ရပ်နားခဲ့ရပါတယ်။ သူ့ရဲ့ဘဝ နှောင်းပိုင်းဟာ ကြမ်းတမ်းခဲ့ရှာတယ်။ သူဘာလုပ်နေမှန်း သူမသိတော့တာ၊ မိသားစုဝင်တွေကို မမှတ်မိတော့တာ၊ နောက်ဆုံး သူ့ကိုယ်သူတောင် မသိတော့တဲ့ အထိပါပဲ။
 
သူ့ရဲ့နောက်ဆုံးရက်တွေမှာ ဆေးရုံကကြမ်းပြင်ကို လျှာနဲ့လျက်နေမိပြီး သူ့သားကိုသူသတ်ဖို့ ခြိမ်းခြောက် နေခဲ့မိပါတယ်။ ဒီရောဂါရဲ့ ရက်စက်တဲ့သာဓကတွေကို ဆန်ဒရာက အနီးကပ်မြင်တွေ့နေခဲ့တဲ့ မျက်မြင်သက်သေတစ်ဦးပါပဲ။
 
ဒီဖြတ်သန်းမှုတွေက ဆန်ဒရာကို ကနေဒါနိုင်ငံရဲ့ ကွိဘက်ပြည်နယ်မှာ ကုသလို့မရတော့တဲ့ ရောဂါတွေရှိတဲ့သူတွေကို သူတို့ဆန္ဒအလျောက် ဆေးပညာအကူအညီနဲ့ သေဆုံးခွင့်ရဖို့ ဥပဒေကိုပြဌာန်းပေးဖို့ တိုက်ပွဲဝင်စေခဲ့တာပါ။
 
ဆန်ဒရာဟာ ကိုယ့်ဆန္ဒနဲ့ကိုယ် သေဆုံးခွင့်ရဖို့အတွက် တိုက်ပွဲဝင်တဲ့ ကွိဘက်ပြည်နယ်ရဲ့ တက်ကြွ လှုပ်ရှားသူ ဖြစ်လာခဲ့ပါတယ်။ ဒီဥပဒေနဲ့ပတ်သက်လို့ ကျန်းမာရေးဝန်ကြီးတွေ၊ လွှတ်တော်အမတ်တွေနဲ့ ဆွေးနွေးပွဲပေါင်းမြာက်များစွာ လုပ်ခဲ့ပါတယ်။ (youtube မှာ Sandra Demontigny လို့ရှာလိုက်ရင် သူ့ရဲ့လှုပ်ရှားမှုတွေကိုတွေ့ရမှာပါ)။
 
သူမဟာ ‘ကွိဘက်ပြည်နယ် အယ်လ်ဇိုင်းမားဝေဒနာရှင်များ ဖက်ဒရေးရှင်း’ ရဲ့ ပြောရေးဆိုခွင့်ရှိသူ လည်း ဖြစ်ပါတယ်။ သူမအတွေ့အကြုံတွေကို The Urgency to Live ဆိုတဲ့စာအုပ်ရေးပြီး ထုတ်ဝေခဲ့ပါတယ်။
 
ဆန်ဒရာက အိပ်ခန်းတစ်ခန်းပါတဲ့အခန်းမှာ ကြောင်တစ်ကောင်နဲ့အတူ တစ်ဦးထဲနေပါတယ်။ အရွယ်ရောက်ပြီဖြစ်တဲ့ သားသမီးသုံးယောက်ကို သူမကြောင့် ဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်လို့ပါ။
 
သူမအခန်းရဲ့ တံခါးမှာ ကိုယ့်ကိုကိုယ်သတိပေးထားတဲ့စာတွေ အများကြီးရေးထားပါတယ်။ မီးဖိုပေါ်မှာလည်း Timer တပ်ထားပြီး မီးကိုအလိုအလျောက်ရပ်ဖို့စနစ် လုပ်ထားပါတယ်။ လက်ကိုင်ဖုန်းထဲမှာလည်း ဓါတ်ပုံတွေကို အစီအစဉ်နဲ့ထည့်ထားတာပါ။
 
သူမက ရောဂါပြင်းထန်လာပြီး ကိုယ့်ကိုကိုယ်မသိတော့တဲ့အချိန်အထိ မစောင့်တော့ဘဲ ဂုဏ်သက္ခာရှိရှိနဲ့ ဒီလောကထဲကနေ ထွက်ခွါသွားချင်တာပါ။
 
ပြီးခဲ့တဲ့ဆောင်းဦးကာလမှာတော့ ကွိဘက်ပြည်နယ်ဟာ ကမ္ဘာပေါ်ကကိုယ့်ဆန္ဒနဲ့ကိုယ် သေဆုံးခွင့်ရတဲ့ လက်တစ်ဆုပ်စာ နေရာတွေထဲမှာ ပါခဲ့ပါပြီ။ ဆန်ဒရာနဲ့ သူမရဲ့ရဲဘော်တွေရဲ့တိုက်ပွဲဟာ အောင်မြင်ခဲ့ပါပြီ။
 
နယ်သာလန်၊ ဘယ်လ်ဂျီယန်၊ လူဇင်ဘာ့ဂ်၊ စပိန်၊ ဩစတြေလျ၊ နယူးဇီလန်၊ ကိုလံဘီယာ စတဲ့နိုင်ငံအချို့မှာပဲ ဒီဥပဒေကိုပြဌာန်း ရသေးတာဖြစ်ပါတယ်။ အခုဆိုရင် ကနေဒါမှာသေဆုံးသူ အယောက်၂၀ မှာတစ်ယောက်ဟာ ဆန္ဒအလျောက်ဆေးပညာအကူအညီနဲ့ ကွယ်လွန်သူလို့ အစိုးရစာရင်းတွေက ပြပါတယ်။
 
ကိုယ့်ဆန္ဒနဲ့ကိုယ် လူလောကကထွက်ခွါသွားချင်သူဟာ လျှောက်လွှာတစ်စောင်ကိုဖြည့်ရမှာ ဖြစ်ပါတယ်။ သူဖြစ်နေတဲ့ဝေဒနာနဲ့ရောဂါကို ဖေါ်ပြပြီး သမားတော်ကြီးနှစ်ယောက်ရဲ့ ခွင့်ပြုမှုလည်း လိုအပ်ပါတယ်။ လျှောက်လွှာကိုဖြည့်နေချိန်မှာ ရောဂါအလွန်အကျွံပြင်းထန်ပြီး စိတ်မမှန်တော့တဲ့အချိန် မဖြစ်ဖို့လိုပါတယ်။
 
ရွှေရောင်ဆံပင်၊ မျက်နှာပြည့်ပြည့်နဲ့ ဆန်ဒရာရဲ့ရှေ့မှာ လျှောက်လွှာကရှိနေပါတယ်။ လျှောက်လွှာကို သူမ မဖြည့်ရသေးပါဘူး။ ဘဝရဲ့ဆန္ဒနဲ့ သံယောဇဉ်တွေကိုဖြတ်တောက်ပြီး ဒီလျှောက်လွှာကို ရေးဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။
 
ဆောင်းဦးမှာမြင်ရတဲ့ရွက်ကြွေတွေ၊ ဆောင်းရာသီရဲ့နှင်းပွင့်တွေ၊ သားသမီးတွေရဲ့ ရယ်သံတွေကို ထားရစ်ခဲ့ဖို့က ခက်ခဲသလို ဘဝရဲ့တန်ဖိုးတွေကို မေ့ပျောက်သွားတဲ့အထိလည်း အသက်မရှင်ချင်တော့ပါဘူး။
 
တကယ်တော့သူမက ဒိုင်ယာရီထဲမှာ ရေးထားပြီးသားပါ။ သားသမီးတွေကိုမမှတ်မိတော့ဘဲ ရန်မူမိတဲ့အချိန်အထိ အသက်မရှင်ချင်တော့ဘူးလို့ မှတ်တမ်းတင်ထားပါတယ်။
 
ဆုံးဖြတ်ချက်ကို ဆန်ဒရာပြင်တော့မှာ မဟုတ်ပါ။
 
“စိတ်မပြောင်းတော့ပါဘူး။ ကျွန်မအတွက် ဒါကအကောင်းဆုံး အဆုံးသတ်ပါပဲလို့” ဆန်ဒရာက ပြောပါတယ်။
 

သူ

(The New York Times က Norimitsu Onishi ရဲ့ Facing Early-Onset Alzheimer’s, She Fought for the Right to Plan her Death ကိုမှီငြမ်းပြီးပြန်ရေးပါတယ်)

The Tanintharyi Times