ထားဝယ်က စစ်ကောင်စီတပ်သားတစ်ဦး KNLA တပ်မဟာ (၄) ဆီမှာထပ်မံအလင်းဝင်

ထားဝယ်က စစ်ကောင်စီတပ်သားတစ်ဦး KNLA တပ်မဟာ (၄) ဆီမှာထပ်မံအလင်းဝင်

ပုံစာ - မောထာစခန်းကနေ ​အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား။

ထားဝယ်မြို့နယ်၊ အရှေ့တောဒေသက စစ်ကောင်စီတပ်သားတစ်ဦး မြန်မာနှစ်ဆန်းတစ်ရက်နေ့က KNLA တပ်မဟာ (၄) ဆီမှာ လက်နက်နဲ့တကွ အလင်းဝင်လာတယ်လို့ KNU တပ်မဟာ (၄) ရဲ့ မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားကပြောပါတယ်။

အလင်းဝင်လာသူဟာ အရှေ့တောဒေသမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ မောထာစခန်းမှာတာဝန်ကျနေတဲ့ ထားဝယ်အခြေစိုက် (စကခ-၈) လက်အောက်ခံ အမှတ် (၉၂၄) ထောက်ပို့တပ်က တပ်သားဖြစ်ပြီး အခုလ ၁၇ ရက်က လက်နက်နဲ့တကွအလင်းဝင်လာတာပါ။

“မောထာစခန်းမှာက ကျနော်တို့ဆီမှာလက်နက်မချဘဲ သူတို့ဘာသာထွက်ပြေးကြတာ တွေလည်းအများကြီး ရှိတယ်။ သူတို့ကြောက်လို့ပေါ့နော်။ အဲဒီစခန်းမှာ လူအင်အားဆိုလည်း သိပ်မရှိတော့ဘူး” လို့ KNU တပ်မဟာ (၄) ရဲ့ မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားကပြောပါတယ်။

မောထာစခန်းဟာ ထိုင်းမြန်မာနယ်စပ်နဲ့ တစ်နာရီခန့်ခရီးအကွာအ‌‌ဝေးရှိတဲ့နေရာက စစ်ကောင်စတပ်စခန်းဖြစ်ပြီး လက်ရှိမှာတော့ စစ်ကောင်စီတပ်သား ၅၀ ဝန်းကျင်လောက်ကျန်ရှိနေသေးတယ်လို့ ပဒိုစောအယ်နားကဆက်ပြောပါတယ်။

မောထာစခန်းကနေ အလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားကတော့ MA-2 သေနတ်တစ်လက် တစ်လက်ယူဆောင်လာတယ်လို့သိရပါတယ်။ KNLA ဘက်ကတော့ အဲဒီအတွက် ဆုငွေချီးမြင့်ထားပြီး သူ့ရဲ့ဆန္ဒအတိုင်း ကူညီလုပ်ဆောင်ပေးသွားမယ်လို့ ပဒိုစောအယ်နားရဲ့ပြောပြချက်အရသိရပါတယ်။

အခုလ ၁၄ ရက်နေ့ (သင်္ကြန်အကျနေ့)ကလည်း သရက်ချောင်းမြို့နယ်၊ ဝင်းဝရွာစစ်ကောင်စီစခန်းကုန်းမှာတာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သားသုံးဦးဟာလည်း KNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ပူးပေါင်းထားတဲ့ ဖယ်ဒရယ်စစ်ကြောင်းဆီမှာအလင်းဝင်ရောက်ခဲ့ပါတယ်။

သင်္ကြန်အကျနေ့ညသန်းခေါင်ကျော်အချိန်ကလည်း ထီးထဗျူဟာစခန်းကိုလာတဲ့ စစ်ကြောင်းတိုက်ခိုက်ခံရပြီးနောက် မြိတ်အခြေစိုက် ခလရ (၁၀၃)က တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်းအပါအဝင် စစ်ကောင်စီတပ်သား ၄၈ ဦး KNLA တပ်မဟာ (၄) ဆီမှာ လက်နက်ချအညံ့ခံခဲ့ပါသေးတယ်။

အဲဒီဖြစ်စဥ်တွေကြောင့် ပြီးခဲ့တဲ့တစ်ပတ်အတွင်း ထားဝယ်ခရိုင်မှာ အလင်းဝင်လာသူနဲ့ လက်နက်ချအညံ့ခံသူ စစ်ကောင်စီအရာရှိနဲ့တပ်သားစုစုပေါင်း ၅၂ ဦးအထိရှိပြီဖြစ်ပါတယ်။

KNU တပ်မဟာ (၄) ရဲ့ မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားကတော့ အခုလို လက်နက်ချတာနဲ့ အလင်းဝင်တာတွေများလာတာဟာ တိုက်ပွဲတွေမှာရှုံးနိမ့်တာတွေများလာတာကြောင့်လို့ ဆိုပါတယ်။

“သူတို့ကစစ်မတိုက်ချင်တော့ဘူး။ သူတို့လုပ်နေတာ တရားမျှတလား မမျှတလားသိနေပြီလေ။ ပြီးတော့လောလောဆယ်မှာ တိုက်ပွဲဖြစ်ရင် စစ်ကူမလာနိုင်တော့ဘူး။ ဘာမှအကူအညီမှလည်းမရဘူး။ သူတို့ပဲအသေခံရတာ သူတို့သိနေပြီလေ” လို့ ပဒိုအယ်နားက‌ပြောပါတယ်။

လက်ရှိစစ်ရေးလှုပ်ရှားမှုတွေရှိနေတဲ့ ထားဝယ်မြို့နယ်က ထီးခီးနယ်စပ်ဒေသတဝိုက်မှာ စစ်ကောင်စီရဲ့ ထီးခီးစခန်း၊ မောထာစခန်း၊ ငါးရံ့နီစခန်း၊ ဘောတီစခန်းနဲ့ ထီးထဗျူဟာစခန်းတို့ရှိတယ်လို့ ပဒိုအယ်နားရဲ့ပြောပြချက်အရသိရပါတယ်။

စစ်အာဏာသိမ်းကာလအတွင်း တနင်္သာရီတိုင်းမှာ အလင်းဝင်လာတဲ့ ရဲနဲ့စစ်ကောင်စီတပ်သားအရေအတွက်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအထိ ၂၃၅ ဦးရှိပြီလို့ တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

The Tanintharyi Times