မင်းပြား က ရိုဟင်ဂျာ ကျေးရွှာ လေကြောင်းတိုက်ခိုက်ခံရမှုအပေါ် ထိတ်လန့်တုန်လှုပ်မိကြောင်း ကုလအတွင်းရေးမှူးချုပ်ပြော
မင်းပြား က ရိုဟင်ဂျာ ကျေးရွှာ လေကြောင်းတိုက်ခိုက်ခံရမှုအပေါ် ထိတ်လန့်တုန်လှုပ်မိကြောင်း ကုလအတွင်းရေးမှူးချုပ်ပြော
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ကြောင့် ရိုဟင်ဂျာ အရပ်သား အများအပြားသေဆုံးခဲ့တဲ့ အပေါ် အလွန်အမင်း စိုးရိမ် တုန်လှုပ်မိ ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောပါတယ်။
မြန်မာနိုင်ငံ မှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ၊ ယိုယွင်းပျက်စီးနေတဲ့အခြေအနေတွေကို စိုးရိမ်ပူပန်နေသလို၊ အကြမ်းဖက်မှုပုံစံအားလုံးကို ပြစ်တင်ရှုတ်ချတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကဆို ပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့ မနက် အစောပိုင်းက ရိုဟင်ဂျာ အများစုနေထိုင်တဲ့ မင်းပြားမြို့နယ် သာဒါ ရွာထဲကို စစ်တပ်က တိုက်လေယာဉ် နဲ့ ဗုံးကြဲ ချခဲ့တာကြောင့် ရိုဟင်ဂျာ ၂၃ ဦးသေ၊ ၃၃ ဦးဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
“ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ ကြီးထွားလာတာ အိုးအိမ်စွန့်ခွာဖို့ဖြစ်စေသလို၊ နဂိုကတည်းကရှိနေတဲ့ လူ့အဖွဲ့အစည်းရဲ့အားနည်းချက်တွေ၊ ခွဲခြားဆက်ဆံမှုတွေကို ပိုဖြစ်လာစေတယ်” လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကဆိုပါတယ်။
ရိုဟင်ဂျာတွေကို အဓမ္မဖမ်းဆီးပြီး မြန်မာစစ်တပ်က စစ်သားစုဆောင်းနေတာဟာ လည်း အလွန်စိုးရိမ်စရာ အခြေအနေ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
ဒါ့အပြင် မြန်မာ နိုင်ငံက လူငယ်တွေကို ဖမ်းဆီးထိမ်းသိမ်းတာ၊ အဓမ္မစစ်သားစုဆောင်းနေတာ၊ စစ်မှုမထမ်းမနေရ ဥပဒေ ထုတ်ပြန်ထားတဲ့ အခြေအနေတွေ ကြောင့် လူ့အဖွဲ့ အစည်းတစ်ခု အကြား ရိုက်ခတ်မှုရှိနေတယ်လို့ ကုလ အတွင်းရေးမှူးချုပ်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ကိုးကား – ရိုက်တာ
(ယခု ဘာသာပြန် သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်း တို့ ပူးပေါင်းတင်ဆက်ပါတယ်)
The Tanintharyi Times
