ကျွဲခြံရွာက မြေးအဖွားနှစ်ဦး ခြံထဲသွားစဉ် မိုင်းထိလို့ ဆေးရုံတင်ထားရ

ကျွဲခြံရွာက မြေးအဖွားနှစ်ဦး ခြံထဲသွားစဉ် မိုင်းထိလို့ ဆေးရုံတင်ထားရ

သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်ထဲရှိ ကျွဲခြံရွာက ‌ဒေသခံ မြေးအဖွားနှစ်ဦး မိုင်းထိဒဏ်ရာနဲ့ သရက်ချောင်းမြို့နယ် ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က မနက်ပိုင်းမှာ ကျွဲခြံရွာသူ မြေးအဖွားနှစ်ဦးက ဘေးချင်းကပ်ရွာဖြစ်တဲ့ ဝင်းကဖော်ရွာရှိ ခြံထဲသွားစဥ် ထောင်ထားတဲ့ မိုင်းပေါက်ပြီး မိုင်းစ ထိမှန်ကာ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

“မိုင်းကတော့ တိုက်မိုင်းဖြစ်မယ်လို့ ထင်တာပဲ။ ဘာလို့ဆို ဒဏ်ရာတွေက သိပ်စိုးရိမ်ရတာမဟုတ်လို့။ သူတို့ထိတာက မနက်ပိုင်းမှာထိတာ။ နေ့လည်လောက်မှ ဆေးရုံသွားတယ်။ အချိန်တွေကြာမှ ဆေးရုံသွားနိုင်တယ်ဆိုပေမဲ့ ဒဏ်ရာက သိပ်မစိုးရိမ်ရတော့ ကြီးကြီးမားမားတွေတော့ မဖြစ်ဘူး။ ဘယ်သူတွေထောင်ထားတဲ့ မိုင်းဆိုတာတော့ မသိဘူး။” လို့ ‌ဒေသခံတစ်ဦးက ပြောပါတယ်။

အသက် ၆၀ ဝန်းကျင်အရွယ် အဖွားဖြစ်သူ ဒေါ်သီးမေက ခါးကိုမိုင်းစထိမှန်ကာ၊ အသက် ၁၅ နှစ်ဝန်းကျင်အရွယ် မြေးဖြစ်သူမှာ ခေါင်းမှာ ထိမှန် ဒဏ်ရာရှိခဲ့ကြတဲ့အတွက် သရက်ချောင်းမြို့နယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

အဆိုပါမိုင်းနဲ့ ပတ်သက်ပြီး ဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖြစ်တဲ့ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ကို တနင်္သာရီတိုင်းမ်က ဆက်သွယ်မေးမြန်းရာမှာတော့ “ ကျွန်တော်တို့အဖွဲ့က ထောင်ထားတဲ့ မိုင်းမဟုတ်ပါဘူး။ ပြီးတော့ ဖြစ်တဲ့နေရာက သဲချောင်းကြီးရဲစခန်းက စခတွေ ကင်းပုန်းဝပ်လေ့ရှိတဲ့နေရာတွေ။ သူတို့ကျင်လည်ခဲ့တဲ့ နေရာတွေပါ ” လို့ အဖွဲ့ရဲ့ပြန်ကြားရေးက ပြောပါတယ်။

တောင်ပျောက်တိုက်နယ်ထဲမှာ မိုင်းကြောင့် အခုလို ဒေသခံတွေထိခိုက်တာက စစ်အာဏာသိမ်းတဲ့အချိန်ကစလို့ ဒီကနေ့အထိ အခုဖြစ်စဉ်က ပထမဆုံး ဖြစ်ပါတယ်။

The Tanintharyi Times