ပုလောမှာ စစ်ကောင်စီတပ်က ကင်းလှည့်စစ်ဆေးတာနဲ့ လက်နက်အင်အားဖြည့်တာတွေ လုပ်ဆောင်နေ

ပုလောမှာ စစ်ကောင်စီတပ်က ကင်းလှည့်စစ်ဆေးတာနဲ့ လက်နက်အင်အားဖြည့်တာတွေ လုပ်ဆောင်နေ

မြိတ်ခရိုင်၊ ပုလောမှာ မြို့နယ်ခန်းမ ပစ်ခတ်တိုက်ခိုက်ခံရပြီးချိန်ကစလို့ ကင်းလှည့်တာ၊ တပ်သားအင်အားနဲ့ လက်နက်ကြီးအင်အားထပ်တိုး ဖြည့်တင်းထားတာတွေကို စစ်ကောင်စီဘက်က လုပ်ကိုင်နေတယ်လို့ ‌ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပုလောမြို့ကို ဝင်နိုင်တဲ့ လမ်းကြောင်း သုံးခုဖြစ်တဲ့ ထားဝယ်မြို့ဘက်၊ မြိတ်မြို့ဘက်နဲ့ မှော်ကြောင်းရွာဘက် အဝင်လမ်းနေရာတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀ ဦးကျော်ဟာ အခုလ ဒုတိယအပတ်ကစလို့ ကင်းပုန်းဝပ် နေကြတာမျိုး ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် တပ်သား အင်အား ၁၀ ဦးကျော် ပါဝင်တဲ့ စစ်တပ်ကားငယ် နှစ်စီးဟာလည်း အချိန်သတ်မှတ်ချက်ပုံမှန်မရှိဘဲ ညဘက် ကင်းလှည့်တာတွေ လုပ်ဆောင်လာမျိုး ရှိနေပါတယ်။

“သူတို့ကို ဘယ်အချိန်လာပစ်မယ်မှန်းမသိ ကြောက်ကြောက်နဲ့ အဆင်သင့်အနေထား စောင့်နေကြတဲ့ ပုံပဲ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လွန်ခဲ့တဲ့ ၆ ရက်ခန့်ကလည်း ၁၈၀ မမ လက်နက်ကြီးတွေကို မြိတ်မြို့ဘက်ကနေ ‌လှေနဲ့သယ်လာပြီး ခလရ ၂၈၅ တပ်ရင်းထဲမှာရှိတဲ့ အမြှောက်တပ်ကုန်းပေါ်မှာ ပြင်ဆင်အားဖြည့်ထားတယ်လို့ တပ်တွင်းသတင်းအရင်းမြစ်ကို ကိုးကားပြီး ဒေသအခြေစိုက်ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ဝင်တွေက ပြောပြပါတယ်။

၁၈၀ မမ လက်နက်ကြီးက ပစ်ရင် ၁၁ မိုင်လောက်ထိ ရောက်ပြီး ၁၁ မိုင်ဆိုတဲ့အကွာအဝေးဟာ ပလမြို့နဲ့ ပုလောမြို့ မြို့နှစ်မြို့စာလောက်အကွာအဝေးရှိကြောင်း အရင်က ပစ်နေတဲ့ ၁၂၀ မမ တွေက ၈ မိုင်လောက်ပဲရောက်ပြီး ၁၂၀ မမ လက်နက်ကြီးကျရင်၊ အနက် ၂ တောင်ဝန်းကျင် အကျယ် ၃ တောင်ဝန်းကျင်လောက်ထိ မြေကွက်ကြီးဖြစ်သွားနိုင်တယ်လို့ ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြပါတယ်။

“၁၈၀ မမ ဆိုရင်တော့ နောက်တစ်ဆပေါ့နော်။ နောက်တစ်ကြိမ်ပွဲအတွက်တော့ အရင်ကထက် ပိုပြီးသတိထားရမယ်” လို့ အထက်ပါတပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။

ဒေသခံတွေကတော့ အခုလ ဒုတိယအပတ်ထဲမှာ စစ်ကောင်စီတပ်စခန်းတွေရှိတဲ့ ပုလောမြို့၊ ပလမြို့၊ ပဝတ်ကုန်းရွာ၊ တစ်မိုင်တောင်ရွာ၊ ပုလောကုန်းရွာတွေ နေ့စဉ်ရက်ဆက်တိုက်ပွဲတွေ ရှိနေခဲ့ပြီး မြို့သိမ်းတိုက်ပွဲလို ဖြစ်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်တွေဘက်က အခုလို ပြင်ဆင်အားဖြည့်ထားတာဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။

ဒီကနေ့အထိ မြိတ်ခရိုင် ပုလောမြို့နယ်နဲ့ ပလမြို့တွေမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား နှစ်ဖက် စစ်ရေးတင်းမာနေဆဲဖြစ်ပြီး မြိတ်-ထားဝယ် ခရီးသည်တွေကိုလည်း အသွားအလာ ဆင်ခြင်ပေးဖို့ မေတ္တာရပ်ခံထားပါတယ်။

The Tanintharyi Times