အာဇာနည်နေ့မတိုင်ခင် စစ်ကောင်စီတပ်သားတစ်ရာကျော် လောင်းလုံးမြို့ပေါ်မှာတပ်စွဲထား
အာဇာနည်နေ့မတိုင်ခင် စစ်ကောင်စီတပ်သားတစ်ရာကျော် လောင်းလုံးမြို့ပေါ်မှာတပ်စွဲထား
မနက်ဖြစ်ကျရောက်မယ့် အာဇာနည်နေ့မတိုင်ခင် လောင်းလုံးမြို့ပေါ်က လူမရှိတဲ့နေအိမ်တွေမှာ စစ်ကောင်စီတပ်သားတစ်ရာကျော်က ဝင်ရောက် တပ်စွဲနေထိုင်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။
ထားဝယ်မြို့ဘက်ကနေစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ အခုလ ၁၄ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားပြီးနောက် မနေ့က လောင်းလုံးမြို့ပေါ်ကိုရောက်ရှိလာခဲ့ပါတယ်။
အဲဒီစစ်ကြောင်းမှာ စစ်ကောင်စီတပ်သား ၁၁၀ ဦးခန့်ရှိပြီး အခုလက်ရှိ ရဲစခန်းတဝိုက်ကနေအိမ်တွေနဲ့ လောင်းလုံးမြို့ အထကကျောင်းတဝိုက်ကနေအိမ်တွေမှာ တပ်စွဲနေထိုင်နေတယ်လို့မြို့ခံတွေကပြောပါတယ်။
“လူမရှိတဲ့အိမ်တွေမှာ တံခါးဖျက်ဝင်ပြီးနေတယ်။ ရဲစခန်းတွေထဲမှာမနေဘဲ အိမ်တွေပေါ်မှာပဲ တစ်စုတစ်စုစီလူခွဲပြီးနေနေတာ” လို့ လောင်းလုံးမြို့ခံတစ်ဦးကပြောပါတယ်။
စစ်ကောင်စီတပ်သားတွေရှိနေတာကြောင့် လောင်းလုံးမြို့ပေါ်နဲ့ လောင်းလုံးမြို့အနီးအနားရွာတွေမှာ စျေးဆိုင်အများစုပိတ်ထားကြတယ်လို့ မြို့ခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
မနက်ဖြန်ဟာ အာဇာနည်နေ့ဖြစ်တာကြောင့် စစ်ကောင်စီတပ်သားတွေဘက်က စစ်ကြောင်းထိုးတာနဲ့ လက်နက်ကြီးပစ်ခတ်မှာကိုလည်း စိုးရိမ်နေရတယ်လို့ ဒေသခံတွေကဆိုပါတယ်။
လောင်းလုံးမြို့နယ်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက “အခုထိတော့မြို့ထဲမှာပဲတပ်စွဲပြီးငြိမ်နေတာ။ လုံးဝငြိမ်နေတော့ တစ်ခုခုကို အစီအစဥ်ချပြီးလုပ်လာနိုင်တယ်။ အရင်ကလည်း အဲလိုနေ့တွေဆို လက်နက်ကြီးပစ်တာတွေလုပ်ဖူးတယ်” လို့ ပြောပါတယ်။
ဒီနေ့မွန်းလွဲပိုင်းကလည်း စစ်ကောင်စီတပ်သားတွေပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တစ်လုံး လောင်းလုံးမြို့နဲ့ ညင်းမော်ရွာကြားကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေကဆိုပါတယ်။
လောင်းလုံးမြို့နယ်ဟာ တနင်္သာရီတိုင်းအတွင်းမှာရှိတဲ့မြို့နယ်တွေထဲက အခုလက်ရှိစစ်အာဏာရှင်ကိုဆန့်ကျင်တဲ့ အကြမ်းမဖက်လူထုသပိတ်လှုပ်ရှားမှုတွေ အားအကောင်းဆုံးမြို့နယ်တစ်ခု ဖြစ်ပါတယ်။
လက်ရှိမြို့ထဲမှာရှိနေတဲ့ စစ်ကောင်စီတပ်သားတွေ ထားဝယ်မြို့ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့အချိန်ကလည်း လူနေကျေးရွာတွေဘက်ကို လက်နက်ကြီးတွေအများအပြားပစ်ခတ်ခဲ့သလို လမ်းတစ်လျှောက်မှာရှိတဲ့ကျေးရွာတွေက ဒေသခံတွေကိုဖမ်းဆီးစစ်ဆေးတာ၊ လက်ကိုင်ဖုန်းတွေကိုသိမ်းယူတာ၊ စျေးဆိုင်တွေမှာ ငွေကြေးတောင်းခံတာနဲ့ စျေးဆိုင်တွေကကုန်ပစ္စည်းတွေကိုယူဆောင်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။
သရက်ချောင်းမြို့နယ်က ရန်တောင်ကျေးရွာကိုလည်း ဒီနေ့မွန်းလွဲပိုင်းက စစ်ကောင်စီတပ်သား အင်အား ၄၀ ဝန်းကျင်လောက်ရောက်လာပြီး ရွာထဲကဘုန်းကြီးကျောင်းမှာ တပ်စွဲနေထိုင်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။
The Tanintharyi Times
