ကုလအစီရင်ခံစာကြောင့် UOB ဘဏ်က ငွေစာရင်းပိတ်လိုက်တာလို့ MAI လေကြောင်းလိုင်း ထုတ်ပြန်
ကုလအစီရင်ခံစာကြောင့် UOB ဘဏ်က ငွေစာရင်းပိတ်လိုက်တာလို့ MAI လေကြောင်းလိုင်း ထုတ်ပြန်
စင်ကာပူနိုင်ငံရှိ United Overseas Bank က မြန်မာပြည် နိုင်ငံတကာလေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ Myanmar Airways International (MAI) ရဲ့ ငွေစာရင်းတွေကို ပိတ်သိမ်းလိုက်တဲ့အပေါ် လေကြောင်းလိုင်းက ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်လာပါတယ်။
အဆိုပါ ထုတ်ပြန်ချက်ကို ပြီးခဲ့တဲ့ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့တာပါ။ UOB ဘဏ်ဘက်က ငွေစာရင်းပိတ်သိမ်းမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို မမျှော်လင့်ထားကြောင်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအစီရင်ခံစာ ထုတ်ပြန်ပြီး မကြာမီမှာ ဘဏ်ရဲ့ဆုံးဖြတ်ချက် ထွက်ပေါ်လာတာလို့ MAI ရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။
စင်ကာပူအခြေစိုက် Straits Timeရဲ့ သတင်းအရ ဘဏ်စာရင်း ၅ ခုကို ဆက်လက်ဖွင့်ထားဖို့ လေကြောင်းလိုင်းဘက်က တောင်းဆိုထားပေမယ့် ဘဏ်ဘက်က ဩဂုတ်လ ၁၅ ရက်နေ့ နောက်ဆုံးထား ပိတ်သိမ်းသွားမယ်လို့ ဖော်ပြထားပါတယ်။
အာဏာသိမ်းပြီးကာလအတွင်းမှာ မြန်မာစစ်တပ်ကို စင်ကာပူက လက်နက်နဲ့ ကုန်ပစ္စည်း အမေရိကန်ဒေါ်လာ ၂၄၇ သန်းဖိုး ထောက်ပံ့ရေးပစ္စည်းတွေကို တင်းသွင်းခဲ့ပြီး လက်နက်ဝယ်ယူတဲ့နေရာမှာ စင်ကာပူဘဏ်တွေကို အသုံးချနေတယ်လို့ ပြီးခဲ့တဲ့ မေလက ထုတ်ပြန်လိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
စင်ကာပူဟာ မြန်မာစစ်အုပ်စုအတွက် ငွေကြေးနဲ့ ကုန်သွယ်မှုဗဟိုချက်အဖြစ် ကာလကြာရှည်ကတည်းက လူသိများခဲ့ပြီး ဒီအချက်ဟာ သန်းနဲ့ချီတဲ့ မြန်မာလူထုတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်မှုတခု ဖြစ်လာကာ အာဆီယံအဖွဲ့ဝင်နိုင်ငံတနိုင်ငံအနေနဲ့ စင်ကာပူဟာ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ်လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများအဖွဲ့တခုဖြစ်တဲ့ Justice for Myanmar က ထောက်ပြထားပါတယ်။
မြန်မာနိုင်ငံတကာလေကြောင်းလိုင်း MAI က 24 hours ကုမ္ပဏီပိုင်ရှင် ခရိုနီ ဦးအောင်အောင်ဇော် ပိုင်ဆိုင်ပြီး သူက အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ နီးနီးကပ်ကပ် ဆက်ဆံရေးရှိသူလို့ ဆိုကြပါတယ်။
ဦးအောင်အောင်ဇော်ရဲ့ 24 hours ကုမ္ပဏီဟာ သတ္တုတွင်းလုပ်ငန်း၊ ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ စက်မှုလုပ်ငန်းနဲ့ လေကြောင်းလိုင်း လုပ်ငန်းတို့ လုပ်ဆောင်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ကြောင်း ကုမ္ပဏီရဲ့ ဝက်ဆိုက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာရှိတဲ့ တနှစ်ကို ဒေါ်လာ သန်း ၂၅၀ ရရှိမယ့် Yanmazu ကျောက်မီးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်း၊ တနင်္သာရီမြို့နယ်က တနေ့ တန်ချိန်တသောင်းထွက် ဘိလပ်မြေစီမံကိန်း၊ ဟဲဟိုးမြို့ နိုင်ငံတကာလေဆိပ် အဆင့်မြှင့်တင်ရေး စီမံကိန်း၊ ရခိုင်ပြည်နယ် စစ်တွေမြို့ ကစ္စပနဒီအိမ်ရာ စီမံကိန်း၊ အင်းလေးခရီးသွားဥယျာဉ် စီမံကိန်းတို့ကို လုပ်ဆောင်နေတယ်လို့ 24 hours ကုမ္ပဏီ ဝက်ဆိုက်မှာ ရေးသားထားပါတယ်။
The Tanintharyi Times
