တနင်္သာရီမြို့နယ်က ကလေးငယ်တွေ ဝမ်းပျက်ဝမ်းလျှောအဖြစ်များနေပြီး ဆေးဝါးတွေ လိုအပ်နေ
တနင်္သာရီမြို့နယ်က ကလေးငယ်တွေ ဝမ်းပျက်ဝမ်းလျှောအဖြစ်များနေပြီး ဆေးဝါးတွေ လိုအပ်နေ
တနင်္သာရီမြိုနယ်မှာ ကလေးငယ်တွေ ဝမ်းပျက်ဝမ်းလျှောအဖြစ်များပြီး ဆေးဝါးကူညီထောက်ပံ့မှုတွေလိုအပ်နေတယ်လို့ ဒေသခံတွေနဲ့ အရပ်ဖက်ဆေးဘက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းတွေဆီကနေ သိရပါတယ်။
အဓိကအားဖြင့် ဘန်လောကျေးရွာအုပ်စုနဲ့ သကျက်ကျေးရွာအုပ်စုက အသက် ၅နှစ်အရွယ်နဲ့ ဆယ်ကျော်သက်အရွယ်ကလေးတွေဟာ မသန့်ရှင်းတဲ့သောက်သုံးရေတွေနဲ့ အစားအသောက်ပြတ်လပ်တာတွေကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါအဖြစ်များနေကြတာလို့ သိရပါတယ်။
တနင်္သာရီမြို့နယ်ကဒေသခံအများစုဟာ ချောင်းရေနဲ့တောင်ကျရေကိုသာသောက်သုံးကြပြီး ဒီနှစ်မှာမိုးနောက်ကျမှရွာတဲ့အတွက် မသန့်ရှင်းတဲ့ရေတွေသောက်သုံးမိရာကနေ ဝမ်းပျက်ဝမ်းလျှောဖြစ်နေကြတာဖြစ်တယ်လို့ ဒေသခံနဲ့ ကျန်းမာရေးဝန်ထမ်းကပြောပါတယ်။
”လုံးဝရေမခမ်းတဲ့ချောင်းတွေတောင်မှ ဒီနှစ်ရေခမ်းတယ်။ လေးလပိုင်းကတည်းကမိုးရွာရမှာကို ၆ လပိုင်းမှ ရုတ်တရက်ဗြုန်းစားကြီးရွာလိုက်တဲ့အချိန်မှာရေကမသန့်ဘဲနဲ့ အဲဒါကနေပြီးဖြစ်လာကြတာ။ ကလေးတွေအဖြစ်များတယ်” လို့ မြေပြင်မှာဆေးကုသပေးနေတဲ့ ဆေးမှူးဆရာမက ပြောပါတယ်။
သောက်သုံးရေအပြင် အစားအသောက်ပြတ်လပ်တာကြောင့် နီးစပ်ရာကိုရှာဖွေစားသောက်ရင်း အဆိပ်သင့်ပြီး ဖြစ်တာလည်းရှိတယ်လို့ ဆက်ပြောပါတယ်။ အခုနှစ် မေလအတွင်းမှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်တဲ့လူနာ ၂၁ ယောက်ကိုကုသပေးခဲ့ရပြီး ပြီးခဲ့တဲ့နှစ်တွေကထက် ပိုများလာတယ်လို့ ဆိုပါတယ်။
ဝမ်းလျှောဝမ်းပျက်အဖြစ်များလာတဲ့အတွက် အရပ်ဘက်ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ရေကိုကြိုချက်သောက်ဖို့နဲ့ အသိပညာပေးတာတွေလုပ်ပေးဖြစ်တယ်လို့ သိရပါတယ်။
ရာသီတုပ်ကွေးရောဂါတွေလည်း အရင်နှစ်တွေထက်စာရင် ဒီနှစ်ထဲမှာပိုအဖြစ်များလာပြီး အရင်က ၇ ရက်နဲကုလို့ရတဲ့အနေအထားကနေ ဒီနှစ်မှာတော့ လဝက်လောက်ထိ သက်ဆိုင်ရာဆေးတွေပေါင်းစပ်ပြီး ကုသပေးနေရတယ်လို့ သိရပါတယ်။
“အခုတုပ်ကွေးက နှစ်တိုင်းနဲ့မတူဘူး။ တုပ်ကွေးဖြစ်တာနဲ့ ဝမ်းပါလျှောလာတာ။ ပြီးတာနဲ့ကိုယ်ခံအားကျလာတယ်။ တုပ်ကွေးပြီးတာနဲ့ ဆေးဘူးကြီးသွင်းပြီး အားဆေးတွေလိုက်ပေးရတာ။” လို့ ဆေးမှူးဆရာမကပြောပါတယ်။
တောတွင်းတစ်နေရာမှာ အစားအသောက်ခက်ခဲတဲ့အတွက် အာဟာရပြည့်ဝတဲ့အစားအစာတွေအလုံအလောက်မစားရလို့ ဆေးနဲ့ပဲအားပြည့်အောင်လုပ်ပေးရတယ်လို့ ဆက်ပြောပါတယ်။
လက်ရှိမှာလည်း ဆေးဝါးလုံးဝပြတ်လပ်တဲ့အနေအထားနဲ့ကြုံနေရပြီး အရေးပေါ်ဆေးဝါးအနည်းငယ်သာ အရံရှိနေတယ်လို့ သိရပါတယ်။
တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီနဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေမကြာခဏဖြစ်ပွားလေ့ရှိပြီး စစ်ဘေးရှောင်ပြည်သူတွေလည်းအများအပြားရှိနေပါတယ်။
The Tanintharyi Times
