တီဇစ်ရွာမှာ ရွာသား ၈ ဦးထက်မနည်းကိုစစ်ကောင်စီတပ်သားတွေ ဖမ်းဆီးထား၊ လောင်းလုံးမြို့ပေါ်မှာ ဖမ်းဆီးခံရသူ ၁၅ ဦးထက်မနည်းရှိပြီ
တီဇစ်ရွာမှာ ရွာသား ၈ ဦးထက်မနည်းကိုစစ်ကောင်စီတပ်သားတွေ ဖမ်းဆီးထား၊ လောင်းလုံးမြို့ပေါ်မှာ ဖမ်းဆီးခံရသူ ၁၅ ဦးထက်မနည်းရှိပြီ
လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေက မြို့ပေါ်မှာရှာဖွေဖမ်းဆီးတာနဲ့ တောင်ကြောတလျှောက်တောနင်းရှာဖွေတာတွေကို ဇွန်လ ၁၆ ရက်နေ့ကတည်းက အင်အား ၂၀၀ ဝန်းကျင်နဲ့ပြုလုပ်နေတယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။
ဒီနေ့ညနေ ၅နာရီဝန်းကျင်မှာ နဘေထပ်တောင်ကြောကနေ တောနင်းပြီး တီစစ်ရွာကမ်းခြေလမ်းအတိုင်း တီဇစ်ရွာထဲကို စစ်ကောင်စီတပ်သား အင်အား အများအပြားနဲ့ဝင်ရောက်လာတယ်လို့သိရပါတယ်။
သူတို့ကရွာထဲက အမျိုးသား ၈ ဦးထက်မနည်းကိုဖမ်းဆီးထားပြီး ရွာထဲမှာ ရှာဖွေစစ်ဆေးတာတွေကို အခုညပိုင်းအထိပြုလုပ်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။
“ရွာသားတချို့ကတော့ သူတို့ဝင်လာကတည်းကကြောက်ပြီးပြေးကုန်ပြီ။ တံခါးပိတ်ထားတဲ့အိမ်တွေကို တံခါးဖျက်ပြီးဝင်နေတယ်။ ရွာသားတွေကိုလည်းအခုထိဖမ်းထားတုန်းပဲ” လို့ဒေသခံရွာသားတစ်ဦးကပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ အောက်ရေဖြူကျေးရွာ၊ တီဇစ်ကျေးရွာ၊ ညင်းမော်ကျေးရွာတွေက တောင်ကြောတွေကို တောလမ်းအတိုင်း တောနင်းရှာဖွေတာတွေကိုပြုလုပ်နေတာပါ။
လောင်းလုံးမြို့ပေါ်မှာလည်း ၃ရက်အတွင်းဖမ်းဆီး ခံရသူဟာ ၁၅ဦးထက်မနည်းရှိပြီလို့ ဒေသခံတွေထံကသိရပါတယ်။
ဇွန်လ ၁၆ရက် နေ့က ၅ ဦးဝန်းကျင်အဖမ်းခံထားရာကနေ မနေ့ကနဲ့ ဒီနေ့မှာလည်း ၁၀ဦးထက်မနည်းဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။
“လောင်းလုံးမှာအခုလိုလာလုပ်နေတာ သပိတ်တွေကြောင့်လို့တော့ကျနော်မထင်ဘူး။ သူတို့က PDF တွေကိုရှာတာလို့ပဲယူဆတယ်။ မြို့ပေါ်မှာက ဘယ်သူတွေကိုဘာကြောင့်ဖမ်းလဲဆိုတာကိုမပြောတတ်တော့ဘူး” လို့သပိတ်ကော်မတီကတာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ဇွန်လ ၁၆ ရက်ညပိုင်းကလည်း စစ်ကောင်စီတပ်သားတွေက လောင်းလုံးမြို့နယ်မှာ အကြမ်းဖက်ပစ်ခတ်မှုနဲ့မီးရှို့မှုတွေကိုပြုလုပ်ခဲ့တာကြောင့် ဒေသခံ ၃ ဦးသေဆုံးခဲ့ပြီး ၂ဦးဒဏ်ရာရရှိခဲ့ပါတယ်။
The Tanintharyi Times
