တန်းရှင်းရွာသားနှစ်ဦး မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရ

တန်းရှင်းရွာသားနှစ်ဦး မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရ

ပုလောမြို့နယ် တန်းရှင်းရွာက အမျိုးသားနှစ်ဦး မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာအသီးသီးရခဲ့ကြတယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။

မိုင်းထိသူ တန်းရှင်းရွာသားနှစ်ဦးမှာ တစ်ဦးက အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးလို့သိရပြီး ကျန်တစ်ဦးကိုတော့ အသက်အရွယ် မသိရပါဘူး။ သူတို့ဟာ မနေ့က မနက်အစောပိုင်းမှာ ကဒဲရွာဘက်ကိုသွားစဥ် ကဒဲရွာစေတီကုန်းအနီးတစ်ဝိုက်မှာ မိုင်းနင်းမိခဲ့တာလို့ ဒေသခံတွေက ပြောပြတယ်။

“ဖုန်းအဆက်အသွယ်ရပြီး ပျောက်နေတဲ့ ရွာသားနှစ်ယောက်ကို လိုက်ရှာတာ။ နေ့တဝက်ကျော်တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မိုင်းပေါက်ကွဲသံထွက်ပြီးနောက် ပလမြို့ရဲစခန်းကနေ ကဒဲရွာ စေတီကုန်းအနီးတဝိုက်ကို လက်နက်ကြီးနဲ့ လှမ်းပြီးပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

မိုင်းကြောင့် တစ်ဦးက ခြေကျိုးပြီး နောက်တစ်ဦးက ပေါင်နဲ့ နံရိုးတွေမှာ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ နှစ်ဦးစလုံး အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ ဒေသခံတွေနဲ့ ပုလော(ပကဖ)တာဝန်ခံဆီကနေ သိရပါတယ်။

ပုလော(ပကဖ) တာဝန်ခံက “တစ်ယောက်ကမိုင်းစင်တော့ တကိုယ်လုံးညိုမဲစွဲသွားတယ်” လို့ ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေကို မေးမြန်းချက်အရ မိုင်းထိတဲ့ အမျိုးသားနှစ်ဦးစလုံးဟာ သာမန်အရပ်သားတွေဖြစ်တယ်လို့ ပြောကြပါတယ်။

စစ်ကောင်စီရဲ့ဝါဒဖြန့်ဆိုရှယ်မီဒီယာအကောင့်တွေမှာတော့ မိုင်းထိတာဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ ပြောဆိုရေးသားထားပါတယ်။

အခုထိတဲ့မိုင်းဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထောင်ထားတဲ့မိုင်းဖြစ်နိုင်တယ်လို့ တပ်ဖွဲ့ဝင်အချို့က ခန့်မှန်း ပြောဆိုတာတွေ ရှိပါတယ်။ တနင်္သာရီတိုင်းအနေနဲ့ ကတော့ ဒေသအခြေစိုက်အဖွဲ့တွေရဲ့ အတည်ပြုချက် ရယူနိုင်ဖို့ ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း‌ ကျောင်းနိမ့်ရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေထောင်ထားတဲ့ မိုင်းနင်းမိပြီး အမျိုးသားနှစ်ဦးသေဆုံးခဲ့ကာ နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တဲ့ ဖြစ်စဥ်တွေ ရှိခဲ့ဖူးပါတယ်။

အခုလ ၃ ရက်နေ့က ဖြစ်ခဲ့တဲ့ နန်းတောင်ရွာ ဘုန်းကြီးကျောင်းအနီး ဒေသခံအမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေကျင်းဝတ်ပြတ်ခဲ့တဲ့ ဖြစ်စဉ်ကတော့ စစ်ကောင်စီတပ်က ထောင်ထားတဲ့ မိုင်းကိုနင်းမိခဲ့တာပဲ ဖြစ်ပါတယ်။

The Tanintharyi Times