အခြေခံပညာက CDM ဆရာ၊ ဆရာမတွေ တာဝန်ပြန်လည်ထမ်းဆောင်ဖို့ စစ်ကောင်စီ ဖိတ်ခေါ်နေ
အခြေခံပညာက CDM ဆရာ၊ ဆရာမတွေ တာဝန်ပြန်လည်ထမ်းဆောင်ဖို့ စစ်ကောင်စီ ဖိတ်ခေါ်နေ
တာဝန်မှကင်းကွာနေတဲ့အခြေခံပညာ ဝန်ထမ်းတွေကို တာဝန်ပြန်လည်ထမ်းဆောင်နိုင်ဖို့ ခေါ်ယူသွားမယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
ငြိမ်းချမ်းစွာဆန္ဒပြရာမှာပါဝင်တာကြောင့်ဖြစ်စေ၊ ခြိမ်းခြောက်ခံရတာကြောင့်ဖြစ်စေ စိုးရိမ်ပြီးတိမ်းရှောင်နေတဲ့ဆရာ၊ ဆရာမတွေနဲ့ ဝန်ထမ်းစည်းကမ်းနဲ့အရေးယူခံထားရတဲ့ ဆရာ၊ဆရာမတွေအနေနဲ့ နီးစပ်ရာပညာရေးမှုးရုံးကို မေလ ၃၁ရက်နေ့မတိုင်ခင် အယူခံလွှာတင်သွင်းကြဖို့ ကြေညာထားပါတယ်။
အဆိုပါကြေညာချက်အပေါ် ပညာရေးအသိုင်းအဝိုင်းက ဆရာ၊ဆရာမတွေကတော့ အယုံအကြည်မရှိကြောင်းနဲ့ စစ်ကောင်စီဟာ အနုနည်းနဲ့ခေါ်ယူပြီးဖမ်းဆီးတာမျိုးလည်းဖြစ်နိုင်ကြောင်းပြောဆိုပါတယ်။
“CDM ဆရာတွေထဲမှာ ထိုင်းရောက်နေတဲ့သူတွေရှိတယ်။ အဖမ်းခံထားရသူတွေရှိတယ်။ သေသွားတဲ့သူတွေရှိတယ်။ ဒါကြောင့်မို့လို့ ဆရာ၊ ဆရာမတော်တော်များများတော့ပြန်လုပ်ကြမှာမဟုတ်ဘူး” လို့ ထားဝယ်ဒေသခံ CDMပညာရေးဝန်ထမ်းတစ်ဦးကပြောပါတယ်။
စစ်ကောင်စီကတော့ တာဝန်ထမ်းဆောင်ဖို့ပျက်ကွက်ခဲ့တဲ့အချိန်တွေကို လစာမဲ့ခွင့်အဖြစ်သတ်မှတ်ပြီး ပြန်လက်ခံတဲ့အစီစဥ်မှာ ကြီးလေးတဲ့ရာဇဝတ်မှုကျူးလွန်ထားတဲ့သူတွေတော့မပါဝင်ဘူးလို့ ဆိုပါတယ်။
ချွင်းချက်ပါဝင်နေတဲ့ ကြီးလေးတဲ့ရာဇဝတ်မှုဆိုတဲ့ သတ်မှတ်ချက်ကိုတော့ စစ်ကောင်စီက တိတိကျကျ ရှင်းပြမထားပါဘူး။
အခုလက်ရှိအချိန်ထိ CDMပြုလုပ်ထားတဲ့ ဆရာ၊ ဆရာမတွေဟာ ခြိမ်းခြောက်ခံနေရသလို၊ ဖမ်းဆီးခံရတဲ့ဖြစ်စဉ်တွေဟာလည်း တနိုင်ငံလုံးမှာရှိနေဆဲဖြစ်ပြီး အကျဥ်းထောင်တွေထဲမှာလည်း ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်လို့အဖမ်းခံထားရတဲ့ CDMဆရာ၊ ဆရာမတွေအများအပြားရှိနေပါသေးတယ်။
စစ်ကောင်စီဟာ အခြေခံပညာကျောင်းတွေကို မနှစ်က အောက်တိုဘာလ ၁ရက်နေ့မှာစတင်ဖွင့်လှစ်ခဲ့ပြီး တက္ကသိုလ်၊ ကောလိပ်တွေကိုတော့ အခုနှစ် မေလ ၁၂ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။
