ထား၀ယ်-ထီးခီးလမ်းပိုင်း တိုက်ခိုက်မှုမှာ တပ်ရင်းမှူးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား ၂၀ ကျော်သေဆုံး
ထား၀ယ်-ထီးခီးလမ်းပိုင်း တိုက်ခိုက်မှုမှာ တပ်ရင်းမှူးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား ၂၀ ကျော်သေဆုံး
ထားဝယ်-ထီးခီးလမ်းပိုင်းက စစ်ကောင်စီစစ်ကြောင်းကို မေလ၁၅ရက် က တိုက်ခိုက်ခဲ့ရာ တပ်ရင်းမှူးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား နှစ်ဆယ်ကျော် သေဆုံးခဲ့တယ်လို့ အရှေ့တောပြည်သူ့ကာကွယ်ရေးအင်အားစုက ကနေသိရပါတယ်။
အဲဒီနေ့ နေ့လည်ပိုင်းမှာသင်္ကန်းတုံးရွာဖက်ကတက်လာတဲ့ စစ်ကောင်စီ အင်အား နှစ်ရာကျော်ပါတဲ့ ခြေလျင်စစ်ကြောင်းကို ဘဲ့မတတ်တောင်အနီး မိုင်းဆွဲတိုက်ခိုက်ခဲ့ပေမယ့် ပေါက်ကွဲမှုမရှိခဲ့ဘူးလို့ အရှေ့တောပြည်သူ့ကာကွယ်ရေးအင်အားစုရဲ့ တာဝန်ရှိသူကပြောပါတယ်။
ဒါကြောင့် အသင့်ပြင်ဆင်ထားတဲ့ လက်လုပ်RPG (ခေါ်) ဝါးကျည်တောက်(တူမီးအကြီးစား) နဲ့ တိုက်ခိုက်ခဲ့ပြီး ခြေမြန်တပ်ရင်းတစ်ခုက တပ်ရင်းမှူးတစ်ဦး၊တပ်ကြပ်ကြီးဆင့်တစ်ဦးအပါအ၀င် နှစ်ဆယ်ကျော် သေဆုံးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
“လမ်းကလည်း လမ်းကွေ့ဆိုတော့ သူတို့စုနေတဲ့အချိန်ရိုက်ခတ်သွားတာမျိုးဖြစ်သွားလို့အခုလိုသေတာများသွားတာ။ တပ်ရင်းမှူးတစ်ယောက်ပါတယ်လို့သိရတယ်။ ဘယ်တပ်ရင်းကဆိုတာကိုတော့အတည်မပြုနိုင်သေးဘဲဖြစ်နေပါတယ်” လို့ အရှေ့တောပြည်သူ့ကာကွယ်ရေးအင်အားစုရဲ့ တာဝန်ရှိသူက တနင်္သာရီတိုင်းမ်ကိုပြောပါတယ်။
ပစ်ခတ်တိုက်ခိုက်ပြီး အချိန်မီပြန်လည်ဆုတ်ခွာနိုင်ခဲ့လို့ အရှေ့တောပြည်သူ့ကာကွယ်ရေးအင်အားစုဘက်က ထိခိုက်သူမရှိခဲ့ဘူးလို့ဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ လက်နက်ကြီးတွေအသုံးပြုပြီး အဆက်မပြတ်ပစ်ခတ်ခဲ့တယ်လို့ အဖွဲ့တာဝန်ရှိသူကပြောပါတယ်။
ဒီတိုက်ခိုက်မှုဟာ မေလ၊ ၁၄ရက်နေ့ ကျောက်မဲတောင်စခန်းတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ KNDO Specialတပ်ရင်းမှ “ဗိုလ်ဆယ်ပြား” နဲ့ PDF-T1(ထား၀ယ်ခရိုင်)မှ “ရဲဘော် ဂျပန်” တို့အတွက်သွေးကြွေးပြန်တောင်းတဲ့အနေနဲ့ တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
မေလ ၁၄ရက်နေ့ကလည်း ပကာရီ- ဆီပင်ကောက် အနီးမှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်ကတပ်သား ၂၀ဦးကျော်သေဆုံးခဲ့ပြီး ၁၇ဦးထက်မနည်းဒဏ်ရာရရှိခဲ့ပါသေးတယ်။
The Tanintharyi Times
