ရိုဟင်ဂျာတွေ တရားမဝင်နယ်စပ်ဖြတ်ကျော်ဖို့ တနင်္သာရီတိုင်းက ပျူစောထီးတွေ ချိတ်ဆက်ပို့ဆောင်ပေးနေ

ရိုဟင်ဂျာတွေ တရားမဝင်နယ်စပ်ဖြတ်ကျော်ဖို့ တနင်္သာရီတိုင်းက ပျူစောထီးတွေ ချိတ်ဆက်ပို့ဆောင်ပေးနေ

ဓာတ်ပုံ - မတ်လ ၁၆ ရက်က ထိုင်းတောင်ပိုင်းမှာဖမ်းခံရတဲ့ ရိုဟင်ဂျာတွေ။

ရခိုင်ပြည်နယ်ဘက်ကနေ ရေကြောင်းနဲ့လာတဲ့ ရိုဟင်ဂျာတွေကို တနင်္သာရီတိုင်းကတစ်ဆင့် တရားမဝင်နယ်စပ်ဖြတ်ကျော်ဖို့ စစ်ကောင်စီလက်အောက်ခံပျူစောထီးတွေကချိတ်ဆက်ပို့ဆောင်နေကြတယ်လို့ဒေသခံတွေကပြောပါတယ်။

ထိုင်းနိုင်ငံကနေ မလေးရှားနိုင်ငံကိုသွားမယ့် ရိုဟင်ဂျာတွေကို တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်က ပျူစောထီးတွေက လုံခြုံရေးပေးပြီး ထိုင်းနယ်စပ်ကို ချိတ်ဆက်ပို့ဆောင်ပေးနေကြတာဖြစ်တယ်လို့ ဆိုပါတယ်။

ရခိုင်ကနေလာတဲ့ ရိုဟင်ဂျာ ၁၅၀ ဝန်းကျင်ပါတဲ့ လှေကြီးတစ်စီးဟာ မတ်လ ၁၄ ရက်နေ့က ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ အခြေစိုက် မောရဝတီရေတပ်စခန်းဌာနချုပ် ဧရိယာက ကျွဲသုံးညီမရွာမှာလာရောက်ရပ်နားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ကျွဲသုံးညီမရွာကနေတစ်ဆင့် ချပ်တောရွာကို လှေငယ်တွေနဲ့ထပ်ဆင့်ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။

”ပါလာတဲ့သူတွေအကုန်လုံးက ရိုဟင်ဂျာလူမျိုးပုံတွေပါ။ သေချာချင်လို့ ထားဝယ်စကား၊ ဗမာစကား၊ အကုန်ပြောကြည့်တာ သူတို့တစ်လုံးမှနားမလည်ဘူး။ ဒါကြောင့် ရိုဟင်ဂျာလူမျိုးတွေလို့ ပြောနိုင်တာ” လို့ ရိုဟင်ဂျာတွေကို ပို့ဆောင်သူတွေနဲ့ နီးစပ်တဲ့ဒေသခံတစ်ဦးကပြောပါတယ်။

အဲဒီရိုဟင်ဂျာတွေနဲ့ ချိတ်ဆက်ထားတဲ့ ပွဲစားဆိုသူတွေဟာ ပျူစောထီးတွေနဲ့ ပူးပေါင်းပြီး ချပ်တောရွာကနေတစ်ဆင့် မင်းသားရွာကိုဖြတ်ကာ ရာဖူးကျေးရွာ ကိုကားနဲ့ တစ်ဆင့် ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ရားဖူးကျေးရွာကနေတစ်ဆင့် ထိုင်းနိုင်ငံထဲကို ဝင်ရောက်ခဲ့တာဖြစ်ပြီး အဲဒီကနေတစ်ဆင့် မလေးရှားနိုင်ငံထဲကို ဝင်ရောက်ကြမှာဖြစ်ပါတယ်။

“ရားဖူးဘက်ကိုပို့တုန်းက ကား ၈ စီးနဲ့ ပို့တာ။ သူတို့နောက်ကလည်း မင်းသားရွာက ပျူစောထီးတွေ လုံခြုံရေးယူပြီးတောင်လိုက်ပေးခဲ့တာ။ မင်းသားရွာကပျူတွေက ကားနောက်ကလိုက်။ ကား ၈ စီးက အရှေ့ကသွား။ ဒီကိစ္စမှာ နတ်ကြီးစင်ရွာက ပွဲစား ဆန်းဦးလည်းပါနေတယ်။ ဆန်းဦးနဲ့ ပျူတွေပေါင်းလုပ်တာ” လို့ ဒေသခံနောက်တစ်ဦးကဆိုပါတယ်။

အဲဒီရိုဟင်ဂျာတွေဟာ ရခိုင်ပြည်နယ်ဘက်ကနေ မလေးရှားနိုင်ငံထဲထိဝင်ရောက်နိုင်ဖို့အတွက် တစ်ယောက်ကို ‌ကျပ်သိန်း ၁၀၀ ကျော်အကုန်အကျခံထားရတယ်လို့ ပွဲစားအဝန်းဝိုင်းတွေကနေတစ်ဆင့် သိရပါတယ်။

အဲဒီကျပ်သိန်း ၁၀၀ ကျော်ထဲမှာ မောရဝတီရေတပ်စခန်းဌာနချုပ်နယ်မြေကို ဝင်ရောက်နိုင်ဖို့အတွက် အခွန်ငွေဆောင်ထားရတာတွေရှိနေတယ်လို့ ဆိုပါတယ်။

“‌ရေတပ်ပိုင်နယ်မြေထဲကို စကားတစ်ခွန်းမှမပြောရပဲ ဖြတ်ပြီးဝင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ မင်းသားရွာက ပျူတွေ၊ နတ်ကြီးစင်က ဆန်းဦးနဲ့ ရေတပ်က ပူးပေါင်းလုပ်ဆောင်နေတာလည်း အာလုံးအသိ။ ရေတပ်ကိုယ်တိုင်ကကို လာဘ်ပေးလာဘ်ယူကို ဘယ်အဆင့်ထိ လုပ်နေတာဆိုတာ ဒီမှာပေါ်လွင်နေတယ်။ လာဘ်ယူပြီး ခွင့်ပြုနေတဲ့ ကိစ္စ” လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အခုလ ၁၆ ရက်နေ့က ထိုင်းနိုင်ငံတောင်ပိုင်း၊ နခွန်စီထမရတ်ခရိုင်၊ ကျူလဖွန်ဒေသရှိ လမ်းဘေးတစ်‌နေရာမှာ ပွဲစားကစွန့်ပစ်ထားခဲ့တဲ့ အသက် ၃၀ နှစ်အောက်အရွယ် ရိုဟင်ဂျာ အယောက် ၄၀ ‌ကျော်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

စစ်​ကောင်စီဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားကိုသွားရောက်ပြီး ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ ဖိနှိပ်သတ်ဖြတ်မှုကြောင့် ရခိုင်ပြည်နယ်ကထွက်ပြေးသွားတဲ့ ရိုဟင်ဂျာ မွတ်ဆလင် တစ်သန်းကျော်ကို နေရပ်ပြန်လည်ပို့ဆောင်ရေး ဆွေးနွေးညှိနိုင်းမှုတွေပြုလုပ်နေပါတယ်။

တစ်ဖက်မှာလည်း ပြည်တွင်းကရိုဟင်ဂျာတွေ ပြည်ပကိုတရားမဝင်ရွှေ့ပြောင်းနေတဲ့ကိစ္စတွေမှာ အခုလိုမျိုးစစ်ကောင်စီတပ်သားတွေရဲ့ပါဝင်ပတ်သက်မှုတွေလည်းရှိနေတာဖြစ်ပါတယ်။

The Tanintharyi Times